
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုဟာ နိုဝင်ဘာ ၂၁ ရက်က မီရာဖလောရက်စ် သမ္မတအိမ်တော်မှာ ကျင်းပတဲ့ ကျောင်းသားနေ့အထိမ်းအမှတ် ဂုဏ်ပြုချီတက်ပွဲကို ကြိုဆိုခဲ့ပြီး သူ့နိုင်ငံကို ပစ်မှတ်ထားတဲ့ စစ်ပွဲခြိမ်းခြောက်မှုတွေကို တိုက်ဖျက်ဖို့အတွက် အမေရိကန်ရှိ ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ဆက်သွယ်ထားဖို့ လူငယ်တွေကို တိုက်တွန်းလိုက်ပါတယ်။
ကာရစ်ဘီယံဒေသမှာ မကြာသေးခင်က အမေရိကန်စစ်တပ် တည်ဆောက်မှုအပြီး ကရာကာ့စ်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစိုးရအကြား တင်းမာမှုတွေ မြင့်တက်နေချိန်လည်း ဖြစ်ပါတယ်။
ဒီအခမ်းအနားအတွင်းမှာ မာဒူရိုဟာ စစ်ပွဲကို ငြင်းပယ်ပြီး ငြိမ်းချမ်းရေးကို လက်ခံကြောင်း သတင်းစကားကို သူ့ရဲ့ကိုယ်ပိုင်စာသားနဲ့ တေးသီချင်းဖွဲ့ပြီး သီဆိုကခုန်ပြခဲ့ပါတယ်။
တီးခတ်သီဆိုခဲ့တဲ့ စည်းချက်ကျကျ တေးသီချင်းစာသားတွေဟာ မာဒူရိုရဲ့ အရင်မိန့်ခွန်းဟောင်းတွေရဲ့ အပိုင်းအစတွေကို အသုံးပြု ဖန်တီးထားတာပါ။
စာသားတွေအရ “ဆွေးနွေးပွဲ yes, ငြိမ်းချမ်းရေး yes, လေးစားမှု yes …. စစ်ပွဲ လုံးဝပဲ … ကျနော့်စကား နားထောင်ပေးပါ… ကျောင်းသားတွေ နားထောင်ပါ … အမေရိကန် ကျောင်းသားတွေ နားထောင်ပါ … အမေရိကန်ပြည်သူတွေ နားထောင်ကြပါ … စစ်ပွဲတွေကို မကြိုဆိုပါ” စသဖြင့် မာဒူရိုက လူအုပ်ကို သီဆိုပြသွားပါတယ်။
မာဒူရိုက “ဗင်နီဇွဲလား ကျောင်းသားငြိမ်းချမ်းရေးတပ်ဖွဲ့တွေကို ပေးအပ်လိုက်တဲ့ ဒုတိယတာဝန်မှာ ကျောင်းသားလှုပ်ရှားမှုတွေနဲ့ အမေရိကန်ရှိ ကျောင်းသားတွေနဲ့ ချိတ်ဆက်ဖို့ ဖြစ်ပါတယ်။ စစ်ပွဲကို ရပ်တန့်ပါ၊ စစ်ပွဲကို ငြင်းဆန်ပါ၊ ဗင်နီဇွဲလားဟာ ငြိမ်းချမ်းရေးကို လိုလားကြောင်း သူတို့ကို ပြောပါ။ အမေရိကန်ရှိ တက္ကသိုလ်အားလုံးရဲ့ ကျောင်းသားလှုပ်ရှားမှုကို ဗင်နီဇွဲလားကျောင်းသား လှုပ်ရှားမှုနဲ့အတူ စစ်ပွဲ မဟုတ်ဘူး၊ စစ်ပွဲ မလုပ်ဘူး၊ ငြိမ်းချမ်းရေးလို့ တသံတည်းထွက်ပြီး စည်းလုံးကြပါ”လို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ပိတ်ဆို့မှုတွေကို ပိုမိုတင်းကျပ်ပြီး ဒေသတွင်း စစ်ရေးအင်အားကို တိုးမြှင့်ထားချိန်မှာ မာဒူရိုကလည်း ဝါရှင်တန်ဟာ သူ့ကို ဖြုတ်ချဖို့ ကြိုးပမ်းနေတာလို့ အကြိမ်ကြိမ် စွပ်စွဲခဲ့ပါတယ်။
လာမယ့် နိုဝင်ဘာ ၂၄ ရက်မှာ အမေရိကန်ပြည်ထောင်စုဟာ ကာတဲလ်ဒယ်လော်စ် ဆော်လီစ် မူးယစ်ဆေးဝါး ရောင်းဝယ်ရေးကွန်ရက်ကို နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းတခုအဖြစ် တရားဝင်သတ်မှတ်မှာ ဖြစ်ပါတယ်။
အဲဒီကွန်ရက်ကို မာဒူရိုနဲ့ ဗင်နီဇွဲလားစစ်တပ်က ဦးဆောင်နေတာလို့ ဝါရှင်တန်က စွပ်စွဲထားပေမဲ့ မူးယစ်ကွန်ရက်ရဲ့ တည်ရှိမှုကိုတော့ သက်သေမပြနိုင်သေးပါဘူး။
Source: Reuters


