
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ကိုလံဘီယာနိုင်ငံအပေါ် စည်းကြပ်ခွန်တွေ တိုးကောက်မှာ ဖြစ်ပြီး ပေးချေမှုတွေ အားလုံးကိုလည်း ရပ်တန့်သွားမယ်လို့ ပြောကြားခဲ့ပြီးနောက် အောက်တိုဘာ ၂၀ ရက်မှာ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုက တောင်အမေရိကနိုင်ငံ ကိုလံဘီယာဘက်ကို ကာကွယ်ပြောဆိုခဲ့ပါတယ်။
“ဗင်နီဇွဲလားနဲ့ ကိုလံဘီယာဟာ တမြေတည်းမှာနေကြတဲ့ ကိုယ်ချင်းဆက် အမြွှာနိုင်ငံတွေပဲ။ ကိုလံဘီယာနဲ့ ဘာပဲလုပ်လုပ် ဗင်နီဇွဲလားနဲ့ ပတ်သက်တယ်။ ဗင်နီဇွဲလားနဲ့ ဘာပဲလုပ်လုပ် ကိုလံဘီယာနဲ့ ပတ်သက်တယ်။ ဗင်နီဇွဲလားကိုထိရင် ကိုလံဘီယာကို ထိတာပဲ” လို့ သမ္မတ မာဒူရိုက မြို့တော် ကရာကာ့စ်မှာ လူထုတွေနဲ့ တွေ့ဆုံချိန် ပြောခဲ့တာပါ။
ထရမ့်ပ်ဟာ ကိုလံဘီယာရဲ့ လက်ဝဲသမ္မတ ဂူစတာဗို ပေထရိုကို “တရားမ၀င် မူးယစ်ဆေးဝါး ခေါင်းဆောင်” လို့ အောက်တိုဘာ ၁၉ ရက်မှာ ခေါ်ဆိုခဲ့ပြီး အဲဒီအသုံးအနှုန်းကို ပေထရိုရဲ့ အစိုးရက ရန်စစော်ကားမှုလို့ ဖော်ပြလိုက်ပါတယ်။
ထရမ့်ပ်ရဲ့ မူးယစ်ဆေးဝါးခေါင်းဆောင်လို့ ပြောလိုက်တဲ့ မှတ်ချက်စကားတွေဟာ ဝါရှင်တန်နဲ့ ဘိုဂိုတာအကြား ဆက်ဆံရေးနိမ့်ကျမှု အခြေအနေအသစ်ကို အမှတ်အသားပြုခဲ့ပြီး တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှာ ဥပဒေမဲ့ ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန်သမ္မတက စွပ်စွဲထားတာပါ။
ပေထရိုဟာ ကရစ်ဘီယံရေပြင်ရှိ သင်္ဘောတွေကို အမေရိကန်စစ်တပ် ပစ်ခတ်မှုကြောင့် သင်္ဘောပေါ်မှာ လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့တဲ့အပေါ် ကန့်ကွက်ခဲ့တာဖြစ်ပြီး အမေရိကန်ရဲ့ စွပ်စွဲချက် အများစုမှာတော့ အဲဒီသင်္ဘောတွေဟာ ဗင်နီဇွဲလားကနေ ထွက်ခွာခဲ့ပြီး မူးယစ်ဆေးဝါးတွေကို မြောက်ဘက်ကို သယ်ဆောင် ရွှေ့ပြောင်းခဲ့တာဖြစ်ကြောင်း ပြောထားတာ ဖြစ်ပါတယ်။
Source: Reuters




