
ယူကရိန်းက ရုရှားကို စစ်နိုင်မယ်လို့ မထင်ကြောင်း၊ ဒါပေမဲ့ ဘာမဆိုဖြစ်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အောက်တိုဘာ ၂၀ ရက်မှာ မှတ်ချက်ပေးခဲ့ပါတယ်။
ထရမ့်ပ်က“သူတို့တွေ နိုင်မယ်လို့ ကျုပ်တော့ မထင်ဘူး၊ ဒါပေမဲ့ နိုင်နိုင်ပါသေးတယ်၊ စစ်ဆိုတာက အင်မတန်ထူးဆန်းတဲ့ အရာလေ” လို့ စကားကို ပြန်လျှောချသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်တုန်းက ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ တွေ့ဆုံချိန်မှာ လက်ရှိ တိုက်ပွဲမျဉ်းအတိုင်း အပစ်ရပ်ဖို့ ထရမ့်ပ်က တောင်းဆိုခဲ့ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့လ ကုလသမဂ္ဂ ညီလာခံမှာ ယူကရိန်းနယ်မြေ အကုန်ပြန်ရနိုင်တယ်လို့ ပြောခဲ့တာကနေ သဘောထားပြောင်းသွားတာ ဖြစ်ပါတယ်။
မဲဆွယ်ကာလတုန်းကနဲ့ သမ္မတသက်တမ်း အစပိုင်းမှာတော့ စစ်ပွဲရပ်ဖို့ ယူကရိန်းက နယ်မြေစွန့်လွှတ်သင့်တယ်လို့ ထရမ့်ပ်က ပြောခဲ့ဖူးပါတယ်။
သမ္မတ ဇလန်းစကီးကတော့ ထရမ့်ပ်နဲ့ တွေ့ဆုံမှုဟာ တိုမာဟော့ခ်ဒုံးကျည်တွေ မရခဲ့ပေမဲ့ “အပြုသဘောဆောင်တယ်” လို့ ဆိုပါတယ်။
ဇလန်းစကီးနဲ့မတွေ့ခင် နာရီပိုင်းအလိုမှာ ထရမ့်ပ်က ပူတင်နဲ့ ဖုန်းပြောခဲ့ပြီးနောက် ဒုံးကျည်မပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ရုရှားတွေနဲ့မတွေ့ခင် အခြေအနေတင်းမာမှာကို ထရမ့်ပ်က မလိုလားပုံရတယ်လို့ ဇလန်းစကီးက မှတ်ချက်ပေးပါတယ်။
ဇလန်းစကီးက ပက်ထရီးရော့ လေကြောင်းကာကွယ်ရေးစနစ်တွေ အမြန်ရဖို့ တောင်းဆိုခဲ့ပြီး ယူကရိန်းအရှေ့ပိုင်း ဒိုနက်စ်နဲ့ လူဟန့်စ်ဒေသ တခုလုံးကို ရုရှားက တောင်းဆိုနေဆဲဖြစ်ကြောင်း ထရမ့်ပ်က ပြောခဲ့တယ်လို့ ဆိုပါတယ်။
ထရမ့်ပ်ဟာ လာမယ့်သီတင်းပတ်တွေအတွင်း ဟန်ဂေရီမှာ သမ္မတပူတင်နဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ မျှော်လင့်နေပါတယ်။
Source: Reuters




