
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရို သူ့ရာထူးကနေ နုတ်ထွက်ရင် ဘယ်လာရုစ်ကို လာရောက်ဖို့ ကြိုဆိုပါကြောင်း၊ ဒါပေမဲ့ ဒီကိစ္စဆွေးနွေးမှုတွေ မလုပ်ထားရသေးဘူးလို့ ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုကပြောပါတယ်။
ဒီဇင်ဘာ ၁၃ ရက်က မင့်စ်ခ်မြို့တော်မှာပြုလုပ်တဲ့ အမေရိကန်မီဒီယာ Newsmax နဲ့ အင်တာဗျူးမှာ လူကာရှန်ကိုက ဘယ်လာရုစ်နဲ့ ဗင်နီဇွဲလားတို့ဟာ ရေရှည် ဆက်ဆံရေးရှိပြီး မာဒူရို အလိုရှိပါက သူ့အတွက် တံခါးဖွင့်ထားပြီး မင့်စ်ခ် ကို လာဖို့ ကြိုဆိုကြောင်း ပြောကြားခဲ့တာပါ။
လူကာရှန်ကိုက ဗင်နီဇွဲလားကိစ္စနဲ့ တခြားကိစ္စတွေကို ထရမ့်ပ်နဲ့ ဆွေးနွေးရရင် ကောင်းမယ်လို့ ပြောပါတယ်။
ပြဿနာအားလုံး၊ အမေရိကန်ပြည်ထောင်စုရဲ့ ဆန္ဒအားလုံးကို ဒီနေ့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ်လို့ လုံးဝယုံကြည်ပါတယ်လို့ လူကာရှန်ကိုက ပြောပါတယ်။
ဗင်နီဇွဲလားနဲ့ စစ်ပွဲဆင်နွှဲဖို့ မလိုအပ်ဘဲ သဘောတူညီချက်တခု ရနိုင်တယ်၊ ဗင်နီဇွဲလားနဲ့ ပဋိပက္ခဖြစ်ပွားရင် ဗင်နီဇွဲလားနိုင်ငံသားတွေ မာဒူရိုကို ထောက်ခံဖို့ ပူးပေါင်းသွားတာပဲ အဖတ်တင်လိမ့်မယ်လို့ လူကာရှန်ကိုက ပြောပါတယ်။
လူကာရှန်ကိုဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ နီးကပ်တဲ့ မဟာမိတ်တယောက်လည်း ဖြစ်ပါတယ်။
အမေရိကန်နဲ့ ဗင်နီဇွဲလား အစိုးရတွေအကြား တင်းမာမှုတွေ မြင့်တက်နေပြီး တောင်ပိုင်း ကာရစ်ဘီယံမှာ အမေရိကန်စစ်ရေးအင်အား ကြီးကြီးမားမား တည်ဆောက်ထားမှုနဲ့အတူ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုလို့ စွပ်စွဲခံရတဲ့ စက်လှေတွေကို အမေရိကန်က တိုက်ခိုက်နေပြီး အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ကလည်း ဗင်နီဇွဲလားမှာ မြေပြင်စစ်ဆင်ရေးတွေ မကြာခင် စတင်နိုင်တယ်လို့ မှတ်ချက်တွေ ထုတ်ပြောထားတာ ဖြစ်ပါတယ်။
ဗင်နီဇွဲလားအစိုးရကလည်း အမေရိကန်ဟာ နိုင်ငံရဲ့ ကြီးမားတဲ့ ရေနံသိုက်တွေကို သိမ်းပိုက်ချင်လို့ အစိုးရအပြောင်းအလဲကို ရှာဖွေနေတာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Source:Reuters


