
စစ်အာဏာသိမ်းပြီးနောက် တိုင်းပြည်စီးပွားရေး နာလန်မထူနိုင်ချိန်နဲ့ နိုင်ငံတဝန်း တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ စစ်တပ်က ဦးဆောင်ပြီး ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ် ထိန်းချုပ်ရာ ရွေးကောက်ပွဲကျင်းပမဲ့ နေရာမှာ နေထိုင်ကြတဲ့ ပြည်သူတွေကတော့ ရွေးကောက်ပွဲကို မဲပေးရမဲ့ အခြေအနေကို ရင်ဆိုင်နေကြရပါတယ်။
စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီး ၈ လကျော် ကြာမြင့်ခဲ့ပေမဲ့ ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေးတဲ့ မန္တလေးမြို့မှာတော့ ရွေးကောက်ပွဲလုပ်မဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ခံစားချက်ကို မြို့ခံတယောက်က ပြောပြပါတယ်။
“အခုကတော့ ရွေးကောက်ပွဲလည်း နီးလာပြီဆိုတော့ ပါတီတွေကတော့ အပြိုင်အဆိုင်မဲဆွယ်ပြီး ပျက်စီးတဲ့နေရာတွေမှာ လာပြီး ရိုက်ကူးရေးလုပ်တာ ရှိပြီး ဘယ်လိုလုပ်ပေးမယ် ဆိုတာတော့ ပြောသွားတာ တွေ့တာပဲ။ အယုံအကြည်မရှိဘူး၊ စိတ်ကိုမဝင်စားဘူး၊ ပြည်သူတွေကတော့ စားဝတ်နေရေးအတွက် သွားလာပြီး လှုပ်ရှားနေကြတာပဲ။ ဒီမဲပေးဖို့ကိစ္စကို အာရုံကတော့ တချို့လည်း ရှိကောင်းရှိနိုင်တယ်၊ မရှိတဲ့သူလည်း များပါတယ်။”
အလားတူ ငလျင်ဒဏ်သင့်ခဲ့တဲ့ နေပြည်တော်မှာလည်း ဌာနဆိုင်ရာ ဝန်ထမ်းတွေ နေထိုင်တဲ့ အိမ်ရာတွေကိုလည်း ပြန်လည်ထူထောင်ရေးမလုပ်ဘဲ ဝန်ထမ်းတွေကို မဲရုံစောင့်ခိုင်းတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။
တိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာ ရွေးကောက်ပွဲပြုလုပ်တဲ့အတွက်တော့ စိုးရိမ်တယ်လို့ နေပြည်တော်က ဌာနဆိုင်ရာဝန်ထမ်းတယောက်က ပြောပါတယ်။
“ရွေးကောက်ပွဲကို ပြောရရင် စိတ်မဝင်စားဘူး။ အကုန်လုံးကလည်း ဒုက္ခတွေနဲ့ပဲဆိုတော့ မလုပ်သင့်သေးဘူးပေါ့နော်။ ရွေးကောက်ပွဲက အခုလက်ရှိကတော့ မဲရုံစောင့်ရမယ်လို့ စာကျလာတယ်၊ နေပြည်တော်မှာ တာဝန်ကျတယ်။ တိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့ အချိန်မှာ ရွေးကောက်ပွဲလုပ်တဲ့အတွက် ဘာများဖြစ်လာမလဲလို့ ပြည်သူတယောက်အနေနဲ့ စိုးရိမ်မိတာပေါ့။”
မွန်ပြည်နယ်မှာ ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ ကျိုက်မရောမြို့နယ်တို့မှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ကျိုက်ထိုမြို့မှာတော့ မြို့ပေါ်ရပ်ကွက်တွေနဲ့ လူစည်ကားတဲ့ နေရာတွေမှာ မဲဆွယ်စည်းရုံးတာနဲ့ မဲပေးဖို့ တိုက်တွန်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲကို စိတ်မဝင်စားပေမဲ့ မဖြစ်မနေ မဲပေးရမယ်ဆိုရင်တော့ ရွေးချယ်စရာမရှိတဲ့အကြောင်း ကျိုက်ထိုမြို့က ပြည်သူတယောက်က ပြောပါတယ်။
“မဖြစ်မနေ ပေးရမယ်ဆိုရင်တော့ ပေးလိုက်မယ်လေ၊ ဘယ်ပါတီရယ် ဘာပါတီရယ်တော့ မဟုတ်ဘူး၊ ကိုယ့်မျက်စိထဲမှာ တွေ့တဲ့ဟာ တခုခု ပေးလိုက်မယ်လေ။ မဖြစ်မနေပေးမှပဲ ရမယ်ဆိုရင်တော့။ မဲပေးလည်း ရချင်တဲ့သူက ရမှာပဲ။ အဓိကက ပေးလိုက်မယ်၊ မပေးဘဲ ဘူးခံငြင်းနေရင် ကိုယ့်အသက်အန္တရာယ် ကိုယ်နေတဲ့နေရာ ဘာညာ မလုံခြုံတာဖြစ်မှာ စိုးလို့လေ။ ရွေးကောက်ပွဲလို့ အမည်ခံပြီး သူတို့ပဲ အုပ်ချုပ်မဲ့ကိစ္စကြီးကို။ အဲတော့ ဘာမှတော့ စိတ်ထဲမရှိဘူးလေ။”
စစ်ကောင်စီဟာ ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲကာ ကျင်းပမှာဖြစ်ပြီး အပိုင်း ၁ ကိုတော့ ဒီဇင်ဘာ ၂၈ ရက်မှာ မြို့နယ်ပေါင်း ၁၀၂ မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။
စစ်အုပ်စုကပြုလုပ်မဲ့ ရွေးကောက်ပွဲကို ပြည်တွင်းမှာနေထိုင်သူတွေနဲ့ နိုင်ငံတကာက ကန့်ကွက်နေသလို တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြည်သူတွေ ဝိုင်းဝန်းကန့်ကွက် ရှုတ်ချကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
သီရိ


