
ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဝင်ရောက် ယှဥ်ပြိုင်တာ အားပေးကူညီတာတွေ ပြုလုပ်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် အယောက် ၂၀ ကို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တယ်လို့ ဗဟိုအလုပ်ကော်မတီက ဒီဇင်ဘာ ၂၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
အဆိုပါ စာရင်းမှာတော့ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသတွေက မြို့နယ်၊ ရပ်ကျေးအသီးသီးရဲ့ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်၊ အတွင်းရေးမှူး၊ သတင်းပြန်ကြားရေး တာဝန်တွေယူထားတဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်နေတာပါ။
NLD ဗဟိုအလုပ်ကော်မတီ ထုတ်ပြန်ချက်မှာတော့ အာဏာသိမ်း စစ်ကောင်စီရဲ့ နိုင်ငံရေး တရားဝင်မှုရရှိစေဖို့ ရည်ရွယ်ပြီးတော့ အတုအယောင်ရွေးကောက်ပွဲ ကျင်းပဖို့ ကြံစည် အားထုတ်နေမှုကို အသိအမှတ်မပြုဖို့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့ ကြားကာလ ဗဟိုကော်မတီ အစည်းအဝေးတွေမှာ ထုတ်ပြန်တားမြစ်ထားတာကို မျက်ကွယ်ပြုခဲ့တာကြောင့် ပါတီ ဆုံးဖြတ်ချက်တွေ၊ စည်းမျဥ်းစည်းကမ်းတွေကို မလိုက်နာတဲ့သူတွေအဖြစ် သတ်မှတ်ကာ ပါတီဝင်အဖြစ်က ထုတ်ပယ်လိုက်တာလို့ ဖော်ပြပါတယ်။
မြန်မာစစ်အုပ်စုကတော့ ဒီဇင်ဘာ ၂၈ ရက်က စတင်ပြီးတော့ ရွေးကောက်ပွဲကို အဆင့် ၃ ဆင့်နဲ့ မဲပေးနိုင်ဖို့ စီစဉ်ထားပြီး ပြည်ပနိုင်ငံတွေက ကြိုတင်မဲပေးမှုတွေကို ဟောင်ကောင်၊ စင်ကာပူ၊ ချင်းမိုင်နဲ့ ဘန်ကောက်လို နေရာတွေက မြန်မာသံရုံးတွေမှာ ပြုလုပ်ခဲ့ပါတယ်။
လတ်တလောမှာတော့ စစ်အုပ်စုရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသလို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ကလည်း ရပ်ကွက်၊ ကျေးရွာအုပ်စု ၃,၀၀၀ နီးပါးမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ မကြာသေးခင်က ကြေညာထားခဲ့တာမို့ စစ်ကောင်စီအနေနဲ့ ပွင့်လင်းမြင်သာမှုပြသဖို့ ဖိအားတွေ ပိုများလာနေတာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အပါအဝင် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ အသီးသီးက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ “လွတ်လပ်၊ တရားမျှတ၊ ဒါမှမဟုတ် အားလုံး ပါဝင်နိုင်မှာ မဟုတ်ဘူး” လို့ ပြောထားသလို ဒီရွေးကောက်ပွဲ အစီအစဉ်ကို ပယ်ချဖို့ နိုင်ငံတကာ အစိုးရတွေကိုလည်း တိုက်တွန်းထားပါတယ်။
လက်ရှိမှာလည်း မြန်မာနိုင်ငံဟာ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဆက်လက်ရင်ဆိုင်နေရပြီး မြန်မာစစ်တပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေသလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူ ထောင်ပေါင်းများစွာဟာလည်း အကျဉ်းကျခံနေရဆဲ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေကလည်း အာဏာသိမ်းစစ်တပ်က ပြုလုပ်မဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်တုန်းကလည်း အတုအယောင် ရွေးကောက်ကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ နိုင်ငံတဝန်းမှာ အသံတိတ်သပိတ် လုပ်ဆောင်ခဲ့ကြသလို လာမယ့် ၂၈ ရက်မှာလည်း အပြင်မထွက် အသံတိတ်သပိတ်ဆင်နွှဲကြဖို့ တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက နှိုးဆော်ထားကြပါတယ်။


