
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ဟာ ရွေးကောက်ပွဲ အပိုင်း ၁ မှာ ပါဝင်ပေမဲ့ တမြို့လုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိဘဲ ရပ်ကွက် ၂ ရပ်ကွက်နဲ့ ကျေးရွာ ၃ ရွာမှာပဲ ရွေးကောက်ပွဲကျင်းပနိုင်မယ်လို့ စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ရွှေဘိုမြို့မှာ ရပ်ကွက်ကြီး ၁၀ ရပ်ကွက်နဲ့ ကျေးရွာ ၆၀ ကျော်ရှိပြီး အဲဒီထဲက မြို့တွင်း အမှတ် ၂၊ အမှတ် ၃ ရပ်ကွက်နဲ့ ခလရ ၄၂ တပ်နယ်မြေအနီးက ပိတ္တောကျေးရွာ၊ နမောကျေးရွာနဲ့ မင်းကျောင်းကျေးရွာတို့မှာသာ ရွေးကောက်ပွဲ ပြုလုပ်နိုင်မယ်လို့ ရွေးကောက်ပွဲကော်မရှင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
မြို့ခံတယောက်က “လုံခြုံရေးအခြေအနေအရ မြို့လယ်က ရဲစခန်းနဲ့နီးတဲ့ ၂ ရပ်ကွက်နဲ့ တပ်နယ်မြေက ရွာ ၃ ရွာပဲ လုပ်နိုင်မှာလို့ ကြားရပြီး ၁၀ ရပ်ကွက်မှာ ၂ ရပ်ကွက် ရွာ ၆၀ ကျော်မှာ ၃ ရွာပဲ ရွေးကောက်ပွဲ လုပ်နိုင်မှာဆိုတော့ မြို့ကို သူတို့ မထိန်းချုပ်နိုင်ဘူး၊ လုံခြုံရေးမပေးနိုင်ဘူးဆိုတာ ပေါ်လွင်နေတယ်။ တော်လှန်ရေးအင်အားစုတွေကလည်း ရွေးကောက်ပွဲ တိုက်ဖျက်မယ်လို့ ကြွေးကြော်ထားလို့ စစ်တပ်ကလည်း လုံခြုံရေးတိုးမြှင့်ထားပြီး ဝန်ထမ်းတွေနဲ့ ပြည်သူတွေကို ဖိအားပေးတာတွေရှိကာ ရွှေဘိုရွေးကောက်ပွဲက အောင်မြင်မှာမဟုတ်ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲ အပိုင်း ၁ မှာ ရွှေဘိုမြို့ ပါဝင်ပေမဲ့ စစ်တပ်က မြို့ကို ထိန်းချုပ်နိုင်ခြင်း မရှိတာကြောင့် ရွေးကောက်ပွဲကို တမြို့နယ်လုံးနီးပါး ကျင်းပနိုင်ခြင်းမရှိဘဲ မြို့အတွင်း ရပ်ကွက် ၂ ရပ်ကွက်နဲ့ ကျေးရွာ ၃ ရွာကိုသာ ရွေးကောက်ပွဲ ကျင်းပမှာလို့လည်း သိရပါတယ်။


