
အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ပြီး ၉ လအကြာမှာ အင်းလေးဒေသတွင်း ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်လို့ မပြီးသေးခင်မှာ စစ်မှုထမ်းရှောင်တိမ်းဖို့ လစဉ်ကြေး ပေးဆောင်နေရသလို ရွေးကောက်ပွဲဖိအားတွေကို အင်းလေးလူထုက ရင်ဆိုင်ကြုံတွေ့နေကြရ ပါတယ်။
ငလျင်ကြောင့် ဒေသခံတွေရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အိုးအိမ်ပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ရလို့ ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းနေချိန်မှာပဲ စစ်ကောင်စီနဲ့ လက်ဝေခံ အိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/PNA) ပြည်သူ့စစ်တွေကို စစ်မှုထမ်းရှောင်တိမ်းဖို့ လစဉ်ကြေးတွေ ပေးဆောင်နေရကြောင်း အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့က အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၁၀၀၉ တပ်ရင်းက ဘဏ္ဍာရေးတာဝန်ခံ မကီကီက ပြောပါတယ်။
“လက်ရှိအခြေအနေမှာ ငလျင်အပြီး ပြန်လည်ထူထောင်ရေးနဲ့ မနည်းရုန်းကန်နေရတဲ့အချိန်မှာပဲ နောက်တကြိမ် စစ်ကောင်စီဘက်က မတရားစစ်မှုထမ်းဥပဒေတွေထုတ်တဲ့အချိန်မှာ အခက်အခဲတွေ ကြုံနေရတယ်။ စီးပွားရေး၊ စားဝတ်နေရေးအနေနဲ့တောင် မနည်းရုန်းနေရတဲ့အချိန်မျိုးမှာ စစ်မှုထမ်း ဥပဒေအတွက်နဲ့ ဒီလို လစဉ်ငွေပေးဆောင်နေရတယ်၊ စစ်မှုမထမ်းရဖို့အတွက်ကို သူတို့ အားစိုက်နေရတော့ ငွေရေးကြေးရေးအပိုင်းမှာ အတော်လေး အခက်အခဲကြုံနေရတယ်။”
လစဉ်ကြေးတွေက အင်းလေးမြောက်ဘက်ခြမ်းမှာတော့ တအိမ်ထောင်ကို ၁၀,၀၀၀ ကျပ်ကနေ ၃၀,၀၀၀ ကျပ်ထိနဲ့ အင်းလေးတောင်ဘက်ခြမ်းမှာတော့ PNO/PNA ပြည်သူ့စစ်တွေက တအိမ်ထောင်ကို ၃ လတကြိမ် ကျပ် ၅ သိန်းခွဲဆီ ကောက်ခံနေကြောင်း သိရပါတယ်။
ဒီလိုအခြေအနေတွေအပေါ်မှာ အင်းလေးဒေသခံတွေက လက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာ လူ့အခွင့် အရေးတွေ ဆုံးရှုံးနေရကြောင်းလည်း သိရပါတယ်။
အင်းလေးဒေသခံတယောက်က “ကျမတို့ဒေသကို ခြိမ်းခြောက်နေတဲ့အထဲမှာ PNO/PNA ရဲ့ လက်ဝါးကြီးအုပ်မှုတွေ ဒေသခံတွေအပေါ်ကို ကုပ်သွေးစုပ်မှုတွေက မမြင်သာပေမဲ့ ရှိနေတယ်ပေါ့နော်။ အင်းလေးဒေသမှာ အင်အားကြီးတာသည် PNO/PNA ဖြစ်တယ်။ လက်ရှိမှာ သူတို့ကလည်း စစ်တပ်နဲ့အကျိုးတူ ပူးပေါင်းနေတယ်။ ကျမတို့ အင်းသားတွေသည် သူတို့ လုပ်နေတာကို မကြိုက်ဘူး။ ရွေးကောက်ပွဲကို မကြိုက်ဘူး၊ အာဏာရှင် လွှမ်းမိုးမှုအောက်မှာ ရင်ဆိုင်နေရတာဖြစ်လို့ လက်ရှိမှာ တွန်းလှန်နိုင်ခြင်းမရှိဘဲ အင်းလေးဒေသတခုလုံး လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မကြာခင် ပြုလုပ်မဲ့ စစ်ကောင်စီ ရွေးကောက်ပွဲမှာလည်း လက်နက်ကိုင်တွေရဲ့ ဖိအားတွေကြောင့် ဒေသခံတွေက ဆန္ဒထုတ်ဖော်ခွင့်မရရှိကြဘူးလို့ မကီကီက ဆက်ပြောပါတယ်။
“ပြည်သူတွေ တရားဝင်ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ထောင်ချထားပြီးမှ လက်ရှိ သူတို့အနေနဲ့ တရားမဝင် ပြန်လုပ်နေတဲ့အပေါ်မှာတော့ တော်တော်လေး ရွံရှာမိတယ်ပေါ့။ ဒီလိုပြည်သူတွေကို လိုက်သတ်နေတဲ့ လူသတ်ကောင်တွေက ဒီလိုလုပ်နေတော့ ပြည်သူတွေအနေနဲ့ကတော့ ဆန့်ကျင်ဖို့ တော်တော်လေး ခက်ခဲတယ်။ လက်နက်ကိုင်ပြီးတော့ အကြမ်းဖက်နေတဲ့သူတွေကို ဆန့်ကျင်ဖို့ သူတို့အနေနဲ့က ခက်ခဲတယ်။ ပြည်သူတွေအနေနဲ့က ဒီဟာတွေကို ဆန့်ကျင်လို့ မရပေမဲ့ အင်းလေးလူထုလှုပ်ရှားမှု တစုံလုံးအနေနဲ့ ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်။”
ဒီဇင်ဘာ ၂၈ ရက် ပြုလုပ်မဲ့ စစ်ကောင်စီ ရွေးကောက်ပွဲ ပထမပိုင်းကို ရှမ်းပြည်အတွင်းက ပင်းတယ၊ ဟိုပုံး၊ နောင်ချို၊ ကျိုင်းတုံ၊ တာချီလိတ်၊ တောင်ကြီး၊ နမ့်စန်၊ မူဆယ်၊ မိုင်းဆတ်၊ လားရှိုး၊ လင်းခေးနဲ့ လွိုင်လင် စတဲ့ ၁၂ မြို့နယ်မှာ ပြုလုပ်သွားမယ်လို့ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ဝေဝေ


