
ခရစ္စမတ်ကာလဆိုတာ မေတ္တာတရားတွေ မျှဝေကြတဲ့ အချိန်လို့ သတ်မှတ်လေ့ရှိကြပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က ဗြိတိန်က လင်မယားနှစ်ယောက်ရဲ့ ကြင်နာမှုတခုဟာ သူတို့ဘဝတွေကို ထာဝရ ပြောင်းလဲသွားစေခဲ့ပါတယ်။
၁၉၇၅ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ရော့ဘ် ပါဆန်နဲ့ သူ့ဇနီး ဒိုင်ယန်း တို့ဟာ သူတို့ရဲ့ ကာဒစ်ဖ်မြို့က နေအိမ်မှာ ခရစ္စမတ်အတွက် ပြင်ဆင်နေတုန်း အိမ်တံခါးလာခေါက်သံ ကြားခဲ့ရပါတယ်။
တံခါးဖွင့်လိုက်တဲ့အခါမှာတော့ သူတို့အိမ်ရှေ့မှာ အမျိုးသားတယောက် ရပ်နေတာ တွေ့လိုက်ရပါတယ်။ အဲဒီလူရဲ့ ညာဘက်လက်မှာ သူပိုင်ဆိုင်သမျှ ပစ္စည်းတွေထည့်ထားတဲ့ အမှိုက်ထည့်တဲ့ ပလတ်စတစ်အိတ်တလုံးနဲ့ ဘယ်ဘက်လက်မှာတော့ ရေခဲရိုက်ထားတဲ့ ကြက်တကောင်ကို ကိုင်ထားတာပါ။
ရော့ဘ်က အဲဒီလူရဲ့မျက်နှာကို သေချာကြည့်လိုက်တော့ ငယ်ငယ်က တနင်္ဂနွေကျောင်းမှာ တွေ့ဖူးတဲ့ ရွန်နီ လော့ခ်ဝုဒ် ဆိုတာ မှတ်မိသွားပါတယ်။
ရွန်နီဟာ အော်တစ်ဇင် ရှိသူဖြစ်ပြီး သူနဲ့ပတ်သက်ရင် ကြင်ကြင်နာနာ ဆက်ဆံဖို့ လူကြီးတွေက မှာထားဖူးတာကိုလည်း ရော့ဘ် သတိရသွားပါတယ်။
ရော့ဘ်က “ရွန်နီ.. ကြက်ကြီးကိုင်ပြီး ဘာလုပ်နေတာလဲ” လို့ မေးတော့ ရွန်နီက “ခရစ္စမတ်လက်ဆောင် ရလာတာ” လို့ ပြန်ဖြေပါတယ်။ အဲဒီနောက် ရော့ဘ်က သူတို့ဘဝတွေကို ပြောင်းလဲစေမဲ့ စကားတခွန်း ပြောလိုက်ပါတယ်။ အဲဒါကတော့ “အထဲဝင်လေ” ဆိုတာပါပဲ။
အဲဒီအချိန်က ရော့ဘ်တို့ ဇနီးမောင်နှံဟာ အသက် ၂၀ ကျော်ပဲ ရှိပါသေးတယ်။ သူတို့ဟာ ရွန်နီကို အိမ်ထဲခေါ်၊ သူပါလာတဲ့ ကြက်ကို ချက်ပြုတ်ကျွေးမွေးကာ ရေချိုးခိုင်းခဲ့ပါတယ်။ ဒါတင်မကဘဲ ရွန်နီကို နွေးထွေးမှုရစေချင်တာကြောင့် သူတို့ရဲ့ မိသားစုဝင်တွေကိုပါ ခြေအိတ်ဖြစ်ဖြစ်၊ ဆပ်ပြာ၊ ရေမွှေးဖြစ်ဖြစ် လက်ဆောင်တွေ ယူလာပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ထမင်းစားပွဲမှာ လက်ဆောင်တွေရလို့ ဝမ်းသာလွန်းပြီး ငိုနေတဲ့ ရွန်နီကိုကြည့်ပြီး ဒိုင်ယန်းက “သူဟာ မေတ္တာတရားရဲ့ အရသာကို တခါမှ မခံစားခဲ့ရဖူးရှာဘူး” လို့ ပြောပြခဲ့ပါတယ်။
ကနဦးမှာတော့ ခရစ္စမတ်ပြီးတာနဲ့ ရွန်နီကို ပြန်ခိုင်းဖို့ စီစဉ်ခဲ့ပေမဲ့ အာဏာပိုင်တွေနဲ့ တိုင်ပင်တဲ့အခါ အကျပ်အတည်းတခုနဲ့ ကြုံခဲ့ရပါတယ်။ အဲဒါကတော့ အိမ်ရာမဲ့စင်တာက “အလုပ်ရမှ လိပ်စာပေးနိုင်မယ်” လို့ ပြောပြီး အလုပ်ရှင်တွေကကျတော့ “လိပ်စာရှိမှ အလုပ်ခန့်နိုင်မယ်” ဆိုပြီး ဖြစ်နေတာပါ။
ဒီလိုနဲ့ပဲ ရွန်နီဟာ သူကွယ်လွန်တဲ့အချိန်ထိ ၄၅ နှစ်ကြာအောင် သူတို့နဲ့အတူ သံယောဇဉ်တွယ်ပြီး နေထိုင်သွားခဲ့ပါတယ်။
ရွန်နီရဲ့ဘဝဟာ ကြမ်းတမ်းခဲ့ပါတယ်။ အသက် ၈ နှစ်သားကတည်းက မိဘမဲ့ဂေဟာ ရောက်ခဲ့ပြီး ၁၁ နှစ်သားမှာတော့ မိုင် ၂၀၀ လောက်ဝေးတဲ့ ဉာဏ်ရည်မမီသူများကျောင်းကို အပို့ခံခဲ့ရပါတယ်။ အဲဒီမှာ သူငယ်ချင်းမရှိ၊ ဆရာမရှိဘဲ ၅ နှစ်လောက် နေခဲ့ရတာကြောင့် သူဟာ အမြဲတမ်း “ငါ အမှားတခုခု လုပ်မိလို့လား” ဆိုတဲ့ စိုးရိမ်စိတ် လွှမ်းမိုးနေတတ်ပါတယ်။
ရော့ဘ်နဲ့ ဒိုင်ယန်းတို့ ဇနီးမောင်နှံကတော့ ရွန်နီကို မိသားစုဝင်တယောက်လို ဆက်ဆံခဲ့ပါတယ်။ ရွန်နီ အမှိုက်သိမ်းကားမောင်းတဲ့ အလုပ်ရအောင် ကူညီပေးသလို ဝတ်စုံသစ်တွေလည်း ဝယ်ပေးခဲ့ပါတယ်။ ဒိုင်ယန်း ကတော့ “ရွန်နီ ဝတ်ထားတာက ဟိုတယ်ကြီးက မန်နေဂျာတယောက်လိုပဲ” လို့တောင် စနောက်ခဲ့ဖူးပါတယ်။ ရှေ့နေတယောက်ဖြစ်တဲ့ ရော့ဘ် ကိုယ်တိုင်က မနက်တိုင်း အလုပ်သွားခါနီး ရွန်နီကို လမ်းကြုံ အလုပ်လိုက်ပို့ပေးလေ့ရှိတာကိုလည်း ရွန်နီက သိပ်ဂုဏ်ယူနေလေ့ ရှိပါတယ်။
ဒိုင်ယန်းဟာ ME လို့ခေါ်တဲ့ နာတာရှည် မောပန်းနွမ်းနယ်တဲ့ ရောဂါ ခံစားနေရချိန်တွေမှာလည်း ရွန်နီက ကလေးတွေကို ဝိုင်းထိန်းပေးပြီး အိမ်မှုကိစ္စတွေ ကူညီပေးခဲ့တာကြောင့် သူတို့မိသားစုအတွက် မရှိမဖြစ် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အခက်အခဲတွေလည်း ရှိခဲ့ပါသေးတယ်။ ရွန်နီရဲ့ လောင်းကစားစွဲလမ်းတဲ့စိတ်ကို အပျောက်ကုဖို့ နှစ်ပေါင်း ၂၀ လောက် သူတို့ ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။
ရွန်နီမှာ ချစ်စရာကောင်းတဲ့ အလေ့အထလေးတွေလည်း ရှိပါတယ်။ မနက်တိုင်း ပန်းကန်ဆေးစက်ထဲက ပန်းကန်တွေ ကူသိမ်းပေးတာကို ရော့ဘ်က မမြင်ဖူးသလို အမြဲ အံ့ဩပြရတာ၊ စာမဖတ်တတ်ပေမဲ့ South Wales Echo သတင်းစာ ဝယ်လာလေ့ရှိတာ၊ ခရစ္စမတ်ရောက်တိုင်း တူညီတဲ့ Marks and Spencer လက်ဆောင်ကတ်တွေ ဝယ်ပေးတတ်တာမျိုးတွေပါ။
တခါကတော့ ကလေးတွေ အရွယ်ရောက်လာပြီး အိမ်ကကျဉ်းလာလို့ ရွန်နီကို အိမ်ခွဲနေဖို့ ပြောဖို့ ကြိုးစားဖူးပေမဲ့ ရွန်နီက “ငါ အမှားတခုခု လုပ်မိလို့လား.. ငါတို့ ၃ ယောက်က သူငယ်ချင်းအရင်းကြီးတွေ မဟုတ်ဘူးလား၊ ထာဝရ အတူရှိနေကြမှာ မဟုတ်လား” လို့ မေးလာတဲ့အခါ သူတို့ စိတ်မခိုင်တော့ဘဲ ဆက်ပြီး အတူနေခဲ့ကြပါတယ်။
ရွန်နီဟာ ၂၀၂၀ ပြည့်နှစ်၊ အသက် ၇၅ နှစ်အရွယ်မှာ လေဖြတ်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။ သူ့ရဲ့နာရေးကို ကိုဗစ်ကာလမို့ လူ ၅၀ ပဲ ဖိတ်ခွင့်ရပေမဲ့ လက်မှတ်ရဖို့အရေးဟာ “Coldplay ဂီတအဖွဲ့ရဲ့ ဖျော်ဖြေပွဲလက်မှတ်ရဖို့ ခက်သလိုပဲ” လို့ ရော့ဘ်က တင်စားပြောပါတယ်။
တက္ကသိုလ်ပါမောက္ခတွေကနေ အလုပ်လက်မဲ့တွေအထိ လူတန်းစားပေါင်းစုံဆီက ဝမ်းနည်းကြောင်း သဝဏ်လွှာပေါင်း ၁၀၀ ကျော် လက်ခံရရှိခဲ့ပါတယ်။
ထူးခြားတာက သူဟာ ပေါင် ၄၀,၀၀၀ တန်ဖိုးရှိတဲ့ အမွေကို ချန်ထားခဲ့ပြီး အဲဒီငွေပမာဏဟာ ဒေသခံဘုရားကျောင်းရဲ့ ခေါင်မိုးပြင်ဖို့ လိုအပ်နေတဲ့ ပမာဏနဲ့ အတိအကျ ဖြစ်နေခဲ့တာကြောင့် အဆောက်အအုံသစ်ကို Lockwood House လို့ အမည်ပေးခဲ့ကြပါတယ်။
ရော့ဘ်ကတော့ “နောက်ဆုံးမှာ အိမ်ရာမဲ့တယောက်ကပဲ ကျနော်တို့အားလုံးအတွက် ခေါင်မိုးလုံအောင် လုပ်ပေးခဲ့တာပါ။ ရွန်နီဟာ ကျနော်တို့ဘဝတွေကို ပြည့်စုံကြွယ်ဝစေခဲ့ပါတယ်” လို့ ဝမ်းနည်းဝမ်းသာ ပြောကြားခဲ့ပါတယ်။
Source: BBC


