
အစ္စလာမ္မစ်နိုင်ငံတော် (IS) ရဲ့ လှုံ့ဆော်မှုနဲ့ အင်္ဂလန်နိုင်ငံရှိ ဂျူးအသိုက်အဝန်းကို သေနတ်ပစ်ခတ် တိုက်ခိုက်ပြီး လူပေါင်းရာချီကို သတ်ဖြတ်ဖို့ ကြံစည်မှုအတွက် အမျိုးသား ၂ ယောက်မှာ အပြစ်ရှိကြောင်း ဒီဇင်ဘာ ၂၃ ရက်က တွေ့ရှိခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။
အောက်တိုဘာလတုန်းက မန်ချက်စတာမြို့ အနောက်မြောက်ပိုင်းရှိ ဂျူးဘုရားကျောင်းတခုမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအပြီး တပတ်အကြာမှာ ရုံးတင်စစ်ဆေးခံခဲ့ရတဲ့ အသက် ၃၈ နှစ်အရွယ် ဝါလစ်ဒ် ဆာဒါအွီနဲ့ အသက် ၅၂ နှစ်အရွယ် အာမာဟူစိန် တို့ဟာ အော်တိုမက်တစ်သေနတ်တွေကို အသုံးပြုပြီး ဂျူးလူမျိုးတွေကို သတ်နိုင်သမျှ များများ သတ်ဖြတ်ချင်တဲ့ အစ္စလာမ် အစွန်းရောက်တွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ အစိုးရရှေ့နေတွေက ပြောပါတယ်။
သူတို့ရဲ့ အစီအစဉ်တွေ အကောင်အထည်ပေါ်လာခဲ့ရင် ယူကေသမိုင်းမှာ အဆိုးရွားဆုံး အကြမ်းဖက် တိုက်ခိုက်မှုတွေထဲက တခုဖြစ်လာလိမ့်မယ်လို့ အင်္ဂလန်အနောက်မြောက်ပိုင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ရဲ့ တာဝန်ခံ လက်ထောက်ရဲမှူးကြီး ရောဘတ် ပေါ့တ်စ်က ပြောပါတယ်။
လူ ၁၅ ယောက် သေဆုံးခဲ့တဲ့ ဆစ်ဒနီမြို့ ဘွန်ဒိုင်းကမ်းခြေမှာ ဂျူးလူမျိုးတွေရဲ့ ဟနုက္ခာ ပွဲတော်မှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုဖြစ်ပွားပြီး တပတ်ကျော်အကြာမှာပဲ သူတို့ကို ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အစ္စလာမ္မစ်နိုင်ငံတော် (IS) ကတော့ သြစတြေးလျတိုက်ခိုက်မှုတွေဟာ “ဂုဏ်ယူစရာအရင်းအမြစ်” ဖြစ်တယ်လို့ ပြောပါတယ်။
ဂျီဟတ်ဝါဒီအဖွဲ့က တာဝန်ရှိကြောင်း မပြောခဲ့ပေမဲ့ သူတို့ရဲ့ တုံ့ပြန်မှုကြောင့် အကြမ်းဖက် အစ္စလာမ္မစ် အစွန်းရောက်ဝါဒ မြင့်တက်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
Source: Reuters


