
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဆရာမကြီး ဒေါ်အေးသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ ရက်စက်စွာ မတရား လုပ်ကြံသတ်ဖြတ်ခံရတဲ့အမှုကို စံပြအမှုအဖြစ် သတ်မှတ်ပြီး အမှုမှန်မပေါ်ပေါက်သေးချိန်မှာ မြေပြင်ပညာရေးလုပ်ငန်းတွေကို ယာယီရပ်နားထားမယ်လို့ အခြေခံပညာရေး အစုအဖွဲ့တွေက ဒီဇင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၉ ရက်မှာ KNDO၊ KNLA နဲ့ တော်လှန်ရေးအင်အားစုတွေက ပုလောမြို့နယ် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး တရားခံ ၄ ယောက် ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ထားပေမဲ့ ဒီနေ့အချိန်ထိ စုံစမ်းစစ်ဆေးရေးအဖွဲ့က တရားခံတွေကို မေးမြန်းစစ်ဆေးခွင့် မရသေးကြောင်း ထုတ်ပြန်ပါတယ်။
အခုလို အမှုမရှင်းလင်းသေးတဲ့ အခြေအနေကြောင့် ပုလောမြို့နယ်အတွင်း တော်လှန်ရေးကာလ ပညာရေးလုပ်ငန်းတွေမှာ ပါဝင်နေတဲ့ ဆရာ၊ ဆရာမတွေ ဘဝလုံခြုံရေးကို စိုးရိမ်လာကြပြီး မြေပြင် ပညာရေးလုပ်ငန်းတွေကို ယာယီရပ်နားထားမယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ပညာရေးအစုအဖွဲ့တွေကတော့ မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသားအစည်းအရုံးနဲ့ သက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ အနေနဲ့ စုံစမ်းဖော်ထုတ်မှု၊ ဆုံးဖြတ်ချက်နဲ့ အရေးယူမှုတွေကို ပြည်သူရှေ့မှောက် တရားဝင် ထုတ်ပြန်ပေးဖို့ ထပ်မံတောင်းဆိုတယ်လို့ ဆိုပါတယ်။


