
တော်လှန်ရေးလုပ်ရာတွင်
မကောင်းမှုမှန်သမျှ
တရားမျှတမှုမရှိသည့်အရာမှန်သမျှ
ဆန့်ကျင်သွားရန်ဖြစ်သည်။ ။
(စောဘိုမြ)
ကျနော့်ဘဝဖြတ်သန်းမှုအစစ်အမှန် ကိုယ်တိုင်ရေးစာအုပ်မှ
ကရင့်တော်လှန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောဘိုမြဟာ ၂ဝဝ၆ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့ မနက် ၂ နာရီ အချိန်က မဲဆောက်မြို့၊ ဖာဝေါ့ပုဂ္ဂလိကဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။ ဗိုလ်ချုပ်ကြီး စောဘိုမြဟာ ကွယ်လွန်ချိန်မှာ အသက် ၇၉ နှစ်ရှိပါပြီ။ အခု ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၄ မှာ သူကွယ်လွန်ခဲ့တာ ၁၉ နှစ်ရှိပြီပေါ့။
ဗိုလ်ချုပ်ကြီးမြကို မာနယ်ပလောမှာ နေ့စဉ်လိုလို မြင်တွေ့နေခဲ့ကြရပါတယ်။ ၈၈၈၈ နှစ်ပတ်လည်ပွဲတွေမှာ မိန့်ခွန်းပြောလေ့ရှိပါတယ်။ စကားကို တဲ့တိုး ဘွင်းဘွင်းပြောလေ့ရှိတယ်။ နောက်ပိုင်း မဲဆောက်မှာနေတော့လည်း အခမ်းအနားတွေဖိတ်ရင် သူလာပါတယ်။ KNU ဥက္ကဋ္ဌ NCUB တပ်ပေါင်းစု ဥက္ကဋ္ဌအနေနဲ့ သူဟာ ကရင်ခေါင်းဆောင်တင်မက တပြည်လုံး တပ်ပေါင်းစုကြီးရဲ့ ခေါင်းဆောင်ကြီးအနေနဲ့ သူက မိန့်ခွန်းစကားတွေပြောခဲ့ပါတယ်။ တွေ့ဆုံ မေးမြန်းဖူးသလို အဝေးမှာဆိုလည်း ဖုန်းနဲ့ အင်တာဗျူး လုပ်ကြဖူးပါတယ်။ ဒီအခါမှာ သူ့ရဲ့ စကား၊ နိုင်ငံရေးအမြင် စတာတွေဟာ လေးစားလောက်စရာတွေ ကြားခဲ့ရဖူးပါတယ်။ နောက်ပိုင်း သူ့အကြောင်း စာအုပ်တွေ ဖတ်ရတော့လည်း ပိုသိလာရပြီး ပိုလေးစားရပါတယ်။ တတ်နိုင်သလောက် လေ့လာကြည့်တော့ သေသေချာချာသိလာရတာက သူဟာ ဂျပန်ခေတ် ရဲတပ်သား၊ အင်္ဂလိပ်ခေတ် စစ်သား၊ လွတ်လပ်ရေးခေတ် ဖဆပလအစိုးရကို ဆန့်ကျင်တဲ့ ကရင်တော်လှန်ရေးတပ်သား၊ တပ်မှူး၊ ခေါင်းဆောင်ကြီးတဦး ဖြစ်ခဲ့ရာကနေ အသက်ထက်ဆုံး နောက်ဆုံးအချိန်အထိ ဖိနှိပ်သူ စစ်အာဏာရှင်ကို တိုက်ပွဲဝင်သွားခဲ့သူ ဖြစ်ပါတယ်။ ကရင်အချင်းချင်းလည်း လူထုကို အနိုင်ကျင့်သူ၊ စည်းကမ်းဖောက်သူ၊ လက်နက်ပြခြိမ်းခြောက် စီးပွားရှာသူတွေကို သူက လက်မခံပါဘူး။ ဆန့်ကျင်ပါတယ်။
အမှန်တရားသည် အင်အားဖြစ်သည်။
အမှန်တရားသည် မုချ အောင်ပွဲခံရမည်။ ။
(စောဘိုမြ)
"ကျနော့်ဘဝဖြတ်သန်းမှုအစစ်အမှန်" ကိုယ်တိုင်ရေးစာအုပ်မှ . . . .
ဗိုလ်ချုပ်မြ (သို့မဟုတ်) တော်လှန်မုန်တိုင်းအတွင်းမှ သစ်တပင်
ဗိုလ်ချုပ်ကြီးစောဘိုမြရဲ့ ကိုယ်ရေးအတွင်းရေးမှူးဖြစ်ခဲ့သူ ပဒိုမန်းရှာက (ဗိုလ်ချုပ်မြ (သို့မဟုတ်) တော်လှန်မုန်တိုင်းအတွင်းမှ သစ်တပင်) ဆောင်းပါးမှာ အခုလို ရေးသားခဲ့ပါတယ်။
"ဗိုလ်ချုပ်မြအနေဖြင့် မည်သည့်အရေးပါသည့် လုပ်ဆောင်မှုများကို အမှန်တကယ် လုပ်ဆောင်ခဲ့ပါ သနည်းဟူသော အချက်များကို ထုတ်ဖော်ပြောဆိုရလျှင် အချက် (၃) ချက်တွေ့ပါသည်။ ပထမမှာ ၁၉၆၃ မှ ၁၉၇၄ အထိ နှစ်ခြမ်းကွဲနေသည့် ကရင့်အမျိုးသားတော်လှန်ရေးကြီးကို ပြန်လည်ဆက်စပ် ပေါင်းစည်းပေးရာတွင် ဥက္ကဋ္ဌကြီး မန်းဘဇန်၊ ဗိုလ်ချုပ်မန်းမြမောင်၊ ဖူးစကောလယ်တော တို့နှင့်အတူ ဗိုလ်ချုပ်မြအနေဖြင့် အဆုံးအဖြတ်အခန်းမှပါ၀င်ခဲ့သည်။ ဤစည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်နိုင်ခဲ့သည့်အတွက် တပ်မှူး၊ တပ်သားများ၊ ကရင်အမျိုးသားများ ပြန်လည်၍ အားတက်ခဲ့ကြ၊ ပြန်လည်၍ တက်ကြွလန်းဆန်းလာခဲ့ကြ၊ ယုံကြည်စိတ် ပိုမို ခိုင်မာလာခဲ့ကြသည်။ ဒုတိယအနေဖြင့် ၁၉၈၀ ပြည့်နှစ်မှစ၍ အလွန်ကြီးမား ရက်စက်ပြင်းထန်သည့် ရန်သူ၏ ထိုးစစ်ကြီးများကို တပွဲပြီးတပွဲ အဆက်မပြတ် တိုက်ဖျက်ခဲ့ရသည့် တိုက်ပွဲကြီးများကို ဗိုလ်ချုပ်မြကိုယ်တိုင် ရဲရဲရင့်ရင့် ဦးစီးညွှန်ကြားပြီး၊ ဤတိုက်ပွဲကြီးမြောက်မြားစွာမှ အမြောက်သံများသည် ကရင်အမျိုးသားများအနေဖြင့် သူတို့၏ မွေးရာပါ အခွင့်အရေး ဆုံးရှုံးနေကြောင်း၊ ကရင်ပြည်သူများ မတရားအကြမ်းဖက် စစ်ဆင်သတ်ဖြတ်ခံနေရကြောင်းကို ပြည်တွင်းပြည်ပ နှစ်ရပ်စလုံးအား ကြားသိစေခဲ့ရုံမက ပြည်တွင်းပြည်ပ၏ စာနာမှုကိုလည်း တိုးတက်ရရှိနိုင်ခဲ့ပါသည်။ တတိယအချက်နေဖြင့် ၈၈၈၈ အရေးတော်ပုံအပြီး လက်နက်ကိုင် တိုက်ပွဲနှင့် လူထုတိုက်ပွဲဆက်စပ်ရေး၊ အမျိုးသား အင်အားစုနှင့် ဒီမိုကရေစီအင်အားစု ဆက်စပ်ပေါင်းစည်းရေးလုပ်ငန်းကြီးကို အုတ်မြစ်ချထူထောင်ရာတွင် ကြီးမားသည့်အခန်းမှ ပါ၀င်ခဲ့ခြင်း စသည့်အချက်များကို ထင်ထင်ရှားရှားတွေ့ရှိခဲ့ရကြောင်း ကျနော် ထုတ်ဖော် ပြောဆိုပါသည်။"
(ပဒိုမန်းရှာ)
ဗိုလ်ချုပ်မြ (သို့) တော်လှန်မုန်တိုင်းအတွင်းမှသစ်တပင် ဆောင်းပါးမှ . . .
ပဒိုမန်းရှာက ၁၉၈၀ ကစတဲ့ တိုက်ပွဲတွေမှာ စောဘိုမြရဲ့ ညွှန်ကြားစီစဉ်မှုတွေကိုသာ ရေးခဲ့ပေမဲ့ ဗိုလ်ချုပ်ကြီးမြရဲ့ စစ်တိုက်စွမ်းရည်တွေကတော့ ၁၉၄၅ ခုနှစ် ဖာပွန်တောင်တန်းတွေပေါ်မှာ ဂျပန်တပ်တွေကို တိုက်ခဲ့တာကစပြီး ဖဆပလတပ်တွေ၊ မဆလတပ်တွေနဲ့ နအဖတပ်တွေကို တိုက်ရင်းသူ ကွယ်လွန်ချိန်အထိဆိုရင် နှစ် ၅၀ ကျော် စစ်တိုက်ခဲ့သူလို့ ပြောရမှာပါ။ ကွယ်လွန်တဲ့တိုင် စစ်ရေး၊ နိုင်ငံရေးတွေအပေါ် သူ့အမြင် သူ့ခံယူချက်တွေကို စာတအုပ်ရေးပြီး ချန်ထားခဲ့သူပါ။
ကျနော်သည် ကရင်တယောက်အနေဖြင့် ရန်သူနဲ့ပတ်သက်ပြီး မည်သည့်အခါမှ အရှုံးပေးမည်မဟုတ်။ ကျနော် ချစ်သည့်ရဲဘော်များနှင့်အတူ ကျနော်တို့ ချစ်မြတ်နိုးကြသည့် ကရင်လူထုအတွက် ဆက်လက်ပြီး တိုက်ပွဲဝင်သွားမည် ဖြစ်သည်။ ။
(စောဘိုမြ)
ကျနော့်ဘဝဖြတ်သန်းမှုအစစ်အမှန် ကိုယ်တိုင်ရေးစာအုပ်မှ . . . .
ဗိုလ်ချုပ်ကြီးမြ နှင့် ၈၈၈၈ အရေးတော်ပုံကြီး
၈၈၈၈အရေးတော်ပုံကြီးကို ဗိုလ်ချုပ်ကြီးမြက အပြတ်ထောက်ခံခဲ့ပါတယ်။ ဒီဆောင်းပါးကို ရေးတော့မယ်ကြံတော့ စောဘိုမြအကြောင်း ဆောင်းပါးတွေ စာအုပ်တွေကို ရှာဖွေ စုဆောင်းတဲ့အခါမှာ ပဒိုမန်းရှာရဲ့ ဆောင်းပါးမှာ ဆိုရင် ၈၈၈၈ အရေးတော်ပုံအပြီး လက်နက်ကိုင် တိုက်ပွဲနှင့် လူထုတိုက်ပွဲဆက်စပ်ရေး၊ အမျိုးသား အင်အားစုနှင့် ဒီမိုကရေစီအင်အားစု ဆက်စပ်ပေါင်းစည်းရေးလုပ်ငန်းကြီးကို အုတ်မြစ်ချထူထောင်ရာမှာ စောဘိုမြဟာ အဓိကပါပဲလို့ ရေးသားခဲ့ပါတယ်။ တကယ်လည်း ကူညီခဲ့ပါတယ်။ ကျနော်တို့ ကျောင်းသားတပ်မတော် ABSDF အပါအဝင် ၈၈၈၈ က ပေါက်ဖွားလာတဲ့ အင်အားစုတွေကို သူက ကူညီ ထောက်ပံ့ခဲ့တာပါ။ တဆက်တည်းမှာလည်း ၈၈၈၈ အရေးတော်ပုံကြီးအပေါ် သူ့အမြင်ဟာလည်း အားရစရာပါ။ အပေါင်းလက္ခဏာ သဘော ဆောင်ပါတယ်။
၈၈၈၈ အရေးတော်ပုံ ၃ နှစ်မြောက်ပွဲ စောဘိုမြ၏ မိန့်ခွန်း
၈၈၈၈ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကြီး ၃ နှစ်မြောက်ပွဲကို မာနယ်ပလော ဌာနချုပ်မှာ ကျင်းပချိန် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဘိုမြက အခုလို ပြောခဲ့တာပါ။
"အားလုံးသိကြတဲ့အတိုင်း ၈၈၈၈ မှာ ရဟန်းရှင်လူ ကျောင်းသား ပြည်သူအပေါင်းတို့က ဒီမိုကရေစီအခွင့်အရေး ပြန်လည်ရရှိရေးအတွက် ဆန္ဒပြတိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဘာမှ လက်နက်မပါပဲနဲ့ ရိုးရိုးသာ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ မဆလစစ်တပ်က ဆန္ဒပြပွဲတွေကို လက်နက်ကြီးငယ်တွေနဲ့ ပစ်တယ်။ ပစ်ပြီးတော့ ကလေး၊ လူငယ်၊ လူကြီး၊ ကျောင်းသား ရဟန်းရှင်လူတွေ အများအပြား သေကျေပျက်စီးခဲ့တယ်။ အဲ့ဒါဟာ ဘာကြောင့်လဲ။ အဲ့သည်လို လက်နက်အားကိုးပစ်သတ်တာက လူဆိုး လူမိုက် အလုပ် ဖြစ်ပါတယ်။ အစိုးရတရပ်ရဲ့ အလုပ်မဟုတ်ပါဘူး။ လူဆိုးလူမိုက်တွေပါ။ အဲ့ဒါကြောင့် ကျနော်တို့ စစ်တိုက်နေရတဲ့ ရန်သူတွေဟာ လူဆိုးလူမိုက် သောင်းကျန်းသူ နေဝင်း၊ စောမောင် စစ်အုပ်စု ဖြစ်တယ်။ တပ်မတော် မဟုတ်ဘူး သောင်းကျန်းသူ လူဆိုး လူမိုက် အုပ်စုသာ ဖြစ်တယ်။ သူတို့ဟာ အစိုးရလည်း မဟုတ်ဘူး။ ဒါကြောင့် ပြည်သူပြည်သားတွေကို ဖိနှိပ်တယ်။ သတ်တယ်။ ရက်စက်တယ်။ နေဝင်း၊ စောမောင် စစ်အာဏာရှင်တွေကို ကာကွယ်စောင့်ရှောက်တဲ့ သေနတ်ကိုင် အဖွဲ့အစည်းတခုသာ ဖြစ်တယ်။ ကရင်တော်လှန်ရေးဟာ ၁၉၄၉ မှာစခဲ့တယ်။ နှစ်များစွာကြာပြီ။ အခု ၈၈၈၈ တော်လှန်ရေး ဗမာအင်အားစုတွေ တော်လှန်နေပြီ။ တော်လှန်ရေးဟာ ၈၈၈၈ တခုတည်းနဲ့ မပြည့်စုံသေးဘူး။ ၈၈၈၈ နဲ့ ၄၉ ပေါင်းစပ်မှ ပိုပြည့်စုံမှာပါ။ ညီညီညွတ်ညွတ် ပူးပေါင်း တိုက်ပွဲဝင်ကြရမှာပါ။"
စောဘိုမြ၏ ကရင့်တော်လှန်ရေး လက်တွေ့ခံယူချက်
"ကျနော့် ခံယူချက်မှာ ကရင့်တော်လှန်ရေးလုပ်ရာတွင် မကောင်းမှုမှန်သမျှ တရားမျှတမှု မရှိသည့်အရာ မှန်သမျှ ဆန့်ကျင်သွားရန် ဖြစ်သည်။ လူထုဆန့်ကျင်ရေး လုပ်ရပ်များကို လုံးဝရှောင်ကျဉ်ရမည်။ ကရင့်တပ်ထဲတွင် စည်းကမ်းချိုးဖောက်သူ လူထုဆန့်ကျင်ရေးသမားများကို ကျနော်ပြတ်ပြတ်သားသား အရေးယူခဲ့သည်။ သတ်စရာရှိရင်လည်း သတ်ပါသည်။ ကျနော်သည် ရွာတရွာကိုရောက်တိုင်း ရွာလူကြီးနှင့် တွေ့ဆုံဆွေးနွေးသည်။ ပြဿနာများကို ကူညီ ဖြေရှင်းပေးသည်။ ဤနည်းဖြင့် ကရင်ကျေးရွာ လူထုများ၏ ယုံကြည်လေးစားမှုများကို ရယူခဲ့ခြင်း ဖြစ်သည်။"
(စောဘိုမြ)
ကျနော့်ဘဝဖြတ်သန်းမှုအစစ်အမှန် ကိုယ်တိုင်ရေးစာအုပ် စာ ၂၇ မှ . . .
စောဘိုမြဟာ ကရင့်တော်လှန်ရေး အစ ၁၉၄၉ ကနေ ကွယ်လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၂၄ အထိ ၅၇ နှစ်ကြာ လက်နက်ကိုင် တော်လှန်ရေးကို ဦးဆောင်ခဲ့သူပါ။ သူရဲ့ ဦးဆောင်မှုနဲ့ ကရင့်တော်လှန်ရေးကြီးကို နှစ် ၆၀ လောက်ကြာအောင် စည်းလုံးညီညွတ်စေခဲ့တာဟာ စည်းကမ်းရှိတာ၊ လူထုဆန့်ကျင်ရေးတွေကို လက်မခံတာ၊ ကျောသားရင်သား မခွဲပဲ အပစ်ပေး အရေးယူတာ၊ ဓားပြတိုက် လုယက် မုဒိမ်းကျင့်စတဲ့ မကောင်းမှုတွေကို ဆန့်ကျင်ခဲ့ တာတွေကြောင့်လို့ စောဘိုမြက ရေးသားခဲ့ပါတယ်။ မကြာခဏ လည်း ပြောဆိုခဲ့ဖူး ပါတယ်။
နိုင်ငံရေးပြဿနာကို ဖြေရှင်းမှ တွေ့ဆုံဆွေးနွေးရမည်
စစ်အာဏာရှင်နဲ့ ရန်သူနဲ့ တွေ့ဆုံ ညှိနှိုင်းရေးလုပ်တဲ့သူ အဖွဲ့အစည်းတွေဟာ ဝှေးသင်းခံရတဲ့ နွားများလိုပဲ ဝှေ့လည်း မဝှေ့ရဲတော့ဘူး။ မျိုးဆက်လည်း ဆက်မတိုးပွားနိုင်တော့ဘူး။ ဒါပေမဲ့ ဝတော့ဝလာတယ်။
(စောဘိုမြ)
စောဘိုမြရဲ့ သဘောထားဟာ တွေ့ဆုံဆွေးနွေးရင် နိုင်ငံရေးပြဿနာကို ဖြေရှင်းခွင့်ပါ ရရှိမှ ဆွေးနွေးသင့်တယ်လို့ ဆိုပါတယ်။ စီးပွားရေး ဖွံ့ဖြိုးရေးလောက်နဲ့ မလုံလောက်ဘူးလို့ ဆိုပါတယ်။ စစ်အုပ်စုနဲ့ ဆွေးနွေးကြသူတွေဟာ ကားပါမစ်၊ တိုက်ခန်း၊ အိမ် မြေ ငွေကြေး လုပ်ပိုင်ခွင့်တွေနဲ့သာ ကျေနပ်နေကြပြီးအောက်ခြေ ရဲဘော်တွေအတွက် ပြည်သူတရပ်လုံးအတွက် အကျိုးမရှိတာတွေကို တွေ့ တွေ့နေရတာမို့ ( တွေ့ဆုံ ညှိနိုင်းရေး လုပ်တဲ့သူ- အဖွဲ့အစည်းတွေဟာ ဝှေးသင်းခံရတဲ့ နွားများလိုပဲ)လို့ စောဘိုမြက မှတ်ချက် ပေးခဲ့ပုံရပါတယ်။ (မှန်မမှန်ကိုတော့ လက်ရှိ မြင်တွေ့နေကြရတဲ့ အခြေအနေတွေနဲ့ တိုက်ဆိုင် စစ်ဆေးကြည့်ကြပါ။) သူကိုယ်တိုင်လည်း ကရင်ခေါင်းဆောင် စောဟန်သာတာမွေး ၁၉၆၃ ခုနှစ်က မဆလ ဗိုလ်ချုပ်နေဝင်းနဲ့ စေ့စပ်သွားခဲ့ပြီး ကရင့်တပ်တွေဆုံးရှုံးသွားခဲ့တာကို သဘောမတွေ့ခဲ့သူ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ စစ်ထောက်လှမ်းရေးက ဘာသာရေးနဲ့ သွေးခွဲပြီး KNU ကနေ အဖွဲ့ကွဲတွေ သုံး လေး ငါး ဖွဲ့ ဖြစ်စေခဲ့တာကိုလည်း သေအထိ စိတ်နာသွားခဲ့သူပါ။ တွေ့ဆုံဆွေးနွေးရေးလုပ်ပြီး သွေးခွဲတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်ကို မုန်းကြောင်း သူ့အင်တာဗျူးတွေနဲ့ မိန့်ခွန်းတွေမှာ ပြောလေ့ရှိခဲ့တာပါ။
ဗိုလ်ချုပ်မြရဲ့ VOA အင်တာဗျူး ဖြေကြားချက်
အခုတော့ TV နဲ့ ဖုန်းတွေမှာ သတင်းတွေကို လွယ်လွယ်ကြည့်ခွင့်ရနေပြီ ဖြစ်ပေမဲ့ ဟိုခေတ်ကတော့ လှိုင်းတိုရေဒီယိုတွေက မနက်တကြိမ် ညတကြိမ် လွှင့်မှ ဖမ်းနားထောင်ကြရတာလေ။ အခုတော့ VOA နဲ့ RFA ရေဒီယိုတွေလည်း ထရမ့်ပ်ကြောင့် လွှင့်ခွင့်မရတော့။ ဟိုတုန်းက VOA နဲ့ အင်တာဗျူးတခုက ဗိုလ်ချုပ်မြကို မေးတာ နားထောင်ခဲ့ရဖူးတာ သတိရနေတယ်။ ထူးဆန်းလို့ပါ။ VOA က မေးတာက "KNU ဥက္ကဋ္ဌကြီး အမေရိကန်ကိုသွားတာ ပတ်စပို့အတုနဲ့ဆို ဟုတ်လားတဲ့။ စောဘိုမြက ဖြေတယ်။ အတုမဟုတ်ဘူး တဲ့။ ဘာလို့မတုတာလည်း အတုဆိုတာ လူတိုင်းသိနေတာပဲလို့ VOA က ပြန်ထောက်မေးတော့ (ကျုပ်တို့က တော်လှန်ရေးတာဝန်နဲ့ နိုင်ငံခြားကို အဆင်ပြေသလို ကပ်ခွာလုပ်ပြီးသွားရတာလေ။ ပတ်စပို့အတု မဟုတ်ဘူး။ အတုက သန်းရွှေ ခင်ညွန့်တို့ကမှ အစိုးရအတုလေ။ အာဏာသိမ်းထားတာလေ။ သူတို့ကမှ အတု" တဲ့။ ဒီအင်တာဗျူးကို ကျနော် မှတ်မိနေတယ်။ သူ့ကို ဗမာစကား သိပ်မတတ်ဘူးလို ပြောကြလေ့ရှိတယ်။ သူ ဗမာစကားသာ မတတ်ဘူးပြောတယ်။ သူ့ပတ်စပို့ အတုမဟုတ်ကြောင်းလည်း အင်တာဗျူးမှာ ဖြေလိုက်သေးတယ်။ အာဏာသိမ်း စစ်တပ် ခေါင်းဆောင်တွေ တရားမဝင်ကြောင်းလည်း ဆော်ထည့်လိုက်သေးတယ်။ သူ့အကြောင်းကို "စစ်သားစိတ်နဲ့ နိုင်ငံရေးလုပ်သူ" ဆိုပြီး စာအုပ်တအုပ် ရေးထားတာ ပြေးသတိရလိုက်မိတယ်။
မာနယ်ပလော ဌာနချုပ်ကျသွားပြီးနောက် ဗိုလ်ချုပ်ကြီး စောဘိုမြ ပြောစကား
၁၉၉၄ ခုနှစ် ဘာသာရေးသွေးခွဲပြီး စစ်အုပ်စုက မာနယ်ပလောကို သိမ်းသွားခဲ့တယ်။ အဲ့သည်အခါ ကျနော်တို့ အပါအဝင် ကရင်တပ်တွေ တပ်ပေါင်းစုတွေဟာ ဆုတ်ခွာကြရပြီး ငိုသူငို ဒေါသဖြစ်သူဖြစ်ကြတာပေါ့။ ငါတို့တော့ တပ်ပေါင်းစု ဌာနချုပ်ကြီးဆုံးပြီ။ ရှုံးပြီပေါ့။ ဆုပ်ခွာတပ်တွေဆီ စောဘိုမြ ရောက်လာတယ်။ မိန့်ခွန်းပြောခဲ့တယ်။ သူ့မိန့်ခွန်းက ခွန်အားရစေတယ်။ သူပြောခဲ့တာက "ရဲဘော်တို့ စိတ်မပျက်ကြနဲ့။ ငါတို့ မရှုံးသေးဘူး။ စခန်းကြီး ပေးလိုက်ရရုံ၊ မြေပေးလိုက်ရရုံပဲ ရှိတယ်။ ငါတို့မှာ စိတ်ဓာတ်ရှိသေးတယ်။ လူရှိသေးတယ်။ လက်နက်ရှိသေးတယ်။ စုစည်းပြီး ဆက်တိုက်မယ်။ နိုင်ကိုနိုင်ရမယ်" တဲ့ ။
တကယ်လည်း ဟုတ်တယ် မာနယ်ပလောဌာနချုပ်ကြီးကို အခု ပြန်သိမ်းထားပါပြီ။ နောက်ထပ် ထိုင်း-မြန်မာနယ်စပ် စခန်းတော်တော်များများကိုလည်း KNU နဲ့ PDF တပ်ပေါင်းစုတွေက သိမ်းထားပါပြီ။ အဓိကက စိတ်ဓာတ်ပါပဲ ဆိုတဲ့ စောဘိုမြရဲ့ စကားဟာ တကယ့်ကို မှန်ပါရဲ့။
ဘဝရဲ့ နောက်ဆုံးအချိန်တိုင်အောင် ရန်သူကို ပြတ်သားသူ
ဗိုလ်ချုပ်မြ (သို့မဟုတ်) တော်လှန်မုန်တိုင်းအတွင်းမှ သစ်တပင် ဆောင်းပါးမှာ ဖဒိုမန်းရှာက စောဘိုမြရဲ့ နောက်ဆုံးစကားတွေ အကြောင်းကို အခုလို ရေးသားထားပါတယ်။
"ဗိုလ်ချုပ်မြနှင့် ရှည်ကြာစွာ အနီးကပ် တော်လှန်ရေးတာ၀န်များကို ထမ်းဆောင်ရင်း သူမကြာခဏ ထုတ်ဖော်ပြောဆိုခဲ့သည့် စကားအများအပြားကိုလည်း ကြားနေခဲ့ရပါသည်။ ဤစကားများစွာအနက် စကားအချို့ကိုလည်း ထူးထူးခြားခြား ကျနော်သတိပြုမိသည်များလည်း ရှိခဲ့ပါသည်။ ၎င်းမှာ-
“ကရင့်တော်လှန်ရေးရဲ့ ရန်သူဟာ ဗမာအမျိုးသားတွေ မဟုတ်ဘူး။ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်တွေသာ ကရင့်တော်လှန်ရေးရဲ့ ရန်သူအစစ်အမှန် ဖြစ်တယ်”
ဟူသော စကားကို ဗိုလ်ချုပ်မြ မကြာခဏ ပြောခဲ့ပါသည်။ ဤစကားကို သတင်းဌာနများသို့လည်းကောင်း၊ အခြားနိုင်ငံရေး ခေါင်းဆောင်များကိုလည်းကောင်း၊ ABSDF နှင့် လူငယ်နိုင်ငံရေးသမားများကိုလည်းကောင်း၊ အကြိမ်ကြိမ် ပြောခဲ့ရုံမက စစ်အာဏာရှင်ထိပ်သီး ဗိုလ်ချုပ်ခင်ညွန့် ကိုယ်တိုင်ကိုပင်လျှင် ၂၀၀၄ ခု ဇန်နဝါရီက မျက်နှာချင်းဆိုင် ပြောခဲ့ပါသည်။ နောက်စကားတခုမှာ
“တော်လှန်ရေးဆိုတာ လက်နက်ချ အညံ့မခံဘူး၊ အရှုံးမပေးဘူးဆိုရင် ဘယ်တော့မှ မရှုံးနိုင်ဘူး”
ဆိုသော စကားပင်ဖြစ်သည်။ စကားသည် ကရင်တမျိုးသားလုံး ရန်ကုန်ဆင်းပြီး လက်နက်ချ အညံ့ခံခြင်း မပြုသရွေ့ ကရင့်တော်လှန်ရေး ဘယ်သောအခါမှ မရှုံးနိုင်ဟူသော စောဘဦးကြီး၏ သြ၀ါဒလမ်းညွှန်ချက်ကို ပြန်လည်၍ ပြောဆိုခဲ့ခြင်းပင်ဖြစ်သည်။ နောက်ထပ်စကားတခုမှာ
“တော်လှန်ရေးဆိုတာ ဆုံးခန်းတိုင်အောင်ပွဲရတဲ့အထိ လုပ်ရမဲ့ အလုပ်ဖြစ်တယ်။ မလုပ်တတ်ရင်တော့ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်လူမျိုး တရားခံဘ၀ကို ရောက်သွားနိုင်တယ်။ ဒါကို အထူးသတိပြုကြရမယ်”
ဆိုသော စကားပင် ဖြစ်သည်။
တော်လှန်ရေးအဖွဲ့ အစည်းအများအပြား၊ တော်လှန်ရေးခေါင်းဆောင် အများအပြားသည် မွန်မြတ်သော တော်လှန်ရေးကိုလုပ်ရင်းနှင့် လမ်းပေါ်မှနေ၍ လမ်းပျောက်ခဲ့ကြပြီး တရားခံများဘဝဖြင့် ဇာတ်သိမ်းခဲ့ကြရ၊ မိမိအမျိုးသား၊ မိမိပြည်သူများ၏ အကျိုးစီးပွားများစွာ ထိခိုက်ခဲ့ရသည့် အဖြစ်မျိုးများစွာရှိနေခဲ့၊ ရှိနေခြင်းကို ဗိုလ်ချုပ်မြ ကောင်းကောင်းသိရှိသဖြင့် ဤသို့ ထုတ်ဖော် ပြောဆိုနေခဲ့ခြင်းပင်ဖြစ်သည်။ ဗိုလ်ချုပ်မြကိုယ်တိုင် နောက်ဆုံးပြောခဲ့သည့်စကားမှာ ၂၀၀၆ ခု ဇူလိုင် ၁၃ ရက်တွင် ဖြစ်ပါသည်။ ထိုနေ့က နအဖက ဆရာ၀န်အချို့ကိုလွှတ်ပြီး သူ့ကို ရန်ကုန်သို့ ဖိတ်ခေါပြီး ဆေးကုသပေးရန် ခေါ်ယူနေသည့်ကိစ္စနှင့် ပတ်သက်၍ ကျနော်တို့ကို ခေါ်ယူရှင်းပြခြင်းဖြစ်သည်။ ထိုနေ့က KNU ဥက္ကဋ္ဌ ပဒိုစောဘသင်၊ ဗိုလ်ချုပ်စော ကစယ်ဒို၊ တွဲဖက်အတွင်းရေးမှူး စောထူးထူးလေး၊ ဗိုလ်မှူးကြီးစောနေစိုး၊ ပဒိုသောသီဘွဲနှင့် ကျနော်တို့ကို သူ့ ထံသို့ သူခေါ်ယူ၍ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ထိုနေ့က သူစကားများများ ပြောနိုင်ခြင်း မရှိတော့သည့်အချိန် ဖြစ်သည်။
သူက “နအဖက ငါ့ကို ဆေးကုဖို့ ရန်ကုန်ကို ခေါ်တယ်။ ကရင်ပြည်မပေးရင် ငါမသွားနိုင်ဘူး။ သူတို့က ဒို့ ကရင်အမျိုးသားတွေကို စစ်ဆင်နေတယ်၊ သတ်ဖြတ်နေတယ်၊ သစ္စာကတိမတည်ဘူး၊ ရိုးသားမှုမရှိဘူး။ ကရင့်တော်လှန်ရေးဟာ လက်နက်ချဖို့ မပြောနဲ့၊ လက်နက်ချစကားတောင် မပြောရဘူး” ဟု လေးနက်စွာ ပြောခဲ့ပါသည်။
တိုက်ပွဲများစွာ နွှဲခဲ့ပါသော စောဘိုမြ
၁၉၅၅ ခုဝန်းကျင်က တပ်မဟာ ၃ နယ်မြေက စောဘိုမြ ဦးစီးတဲ့ တိုက်ပွဲကို ကြည့်ကြပါ။ ကဲခဲခိုရွာဘေးကားလမ်းမှာ ခြုံခိုပစ်ဖို့ တပ်မဟာ ၃ တပ်တွေနဲ့ စောဘိုမြတပ်တွေ ပူးပေါင်း စီစဉ်ခဲ့ကြပါတယ်။ ၃ ရက် ၃ ည စောင့်ပေမဲ့ ဖဆပလ တပ်တွေ မလာပါ။ အဲ့သည်နေ့က တနင်္ဂနွေမို့ ပူးတွဲစောင့်ကြတဲ့ တပ်မဟာ ၃ တပ်တွေက ဘုရားရှိခိုး သွားလိုကြတယ်။ ချုံခိုစောင့်တိုက်မဲ့ အစီအစဉ်ကို ဖျက်လိုက်ကြတယ်။ စောဘိုမြကတော့ စစ်ရေးစီမံချက်ကို မဖျက်ဘူး။ ခင်ဗျားတို့ တပ်မဟာ ၃ တပ်တွေ သွားကြ။ ဘုရားရှိခိုးကြပါ။ ကျနော်တို့ဖာသာ တိုက်ကြမယ်။ နောက်ဆုံးမှာ ရန်သူက ကားကြီး တစီးနဲ့လာတယ်။ စောင့်ပစ်ကြတယ်။ ကားပေါ်ပါ ရန်သူတပ်သား ၃၂ ယောက်လုံးသေတယ်။ လက်နက်တွေ အကုန်ရတယ်။ ဆက်သွယ်ရေးစက်ကြီး တလုံးနဲ့ လက်နက်ကြီး မော်တာတွေပါ ရလို့ ခွဲဝေယူကြတယ်။ စောဘိုမြသာ ဇွဲမကောင်းရင် ဒီစစ်ပွဲမနိုင်ပါ။ သူဟာ ဖာပွန်တောင်တန်းတွေပေါ်မှာ၊ ရွှေကျင်ကျောက်ကြီး ဒေသမှာ၊ ကော့ကရိတ်နယ်မှာ၊ မြိတ်-ထားဝယ် ဒေသမှာ၊ ညောင်လေးပင်ဒေသမှာ စသဖြင့် စသဖြင့် ကရင်စစ်မျက်နှာတွေမှာ တိုက်ပွဲတွေ တသီတတန်းကြီး တိုက်ခဲ့ပါတယ်။ နောက်ဆုံးစစ်ပွဲကတော့ နအဖရဲ့ ငြိမ်းချမ်းရေး အယောင်ပြ စီးပွားရေးကိုယ်ကြိုးစီးပွား မြှူဆွယ် စစ်ဆင်ရေးပါ။ ဒီ ငြိမ်းချမ်းရေး စီးပွားမြှူဆွယ်စစ်ပွဲမှာလည်း စောဘိုမြ အနိုင်ရခဲ့ပါတယ်။
စောဘိုမြ ကွယ်လွန်ပြီး ၁၈ နှစ်ပြည့်
ကရင့်တော်လှန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဘိုမြဟာ တပ်သားဘ၀ အောက်ခြေကစပြီး KNU စစ်ဦးစီးချုပ်၊ KNU ဥက္ကဋ္ဌကြီး၊ NDF ဥက္ကဋ္ဌကြီး၊ DAB ဥက္ကဋ္ဌကြီး၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) တပ်ပေါင်းစုရဲ ဥက္ကဋ္ဌကြီး စတဲ့ တာ၀န်အမျိုးမျိုး အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့သူပါ။ အခုတော့ သူ့လုပ်ဖော်ကိုင်ဖက်တွေ၊ သူ့ရဲဘော်တွေ၊ သူ့ ကရင်ပြည်သူတွေနဲ့ မြန်မာပြည်သူပြည်သားတွေကို စွန့်ခွာအနားယူသွားခဲ့တာ ၂၀၂၅ ဒီဇင်ဘာ ၂၄ မှာ ၁၉ နှစ် ပြည့်ပါပြီ။ ဒါပေမဲ့ သူ့ရဲ့ တော်လှန်ရေးစိတ်ဓာတ်၊ မကောင်းမှု မှန်သမျှ၊ တရားမျှတမှု မရှိသည့်အရာမှန်သမျှ ဆန့်ကျင်သွားရေး စိတ်ဓာတ်ကတော့ မျိုးဆက်သစ်တွေရဲ့ ရင်တွင်းကို ရိုက်သွင်းပွားများနိုင်ခဲ့ပါပြီ။ နွေဦးတော်လှန်ရေးကြီးမှာ ကရင်-ဗမာ လူမျိုးပေါင်းစုံ လူငယ်တွေဟာ စောဘိုမြရဲ့ တော်လှန် စိတ်ဓာတ် ခံယူချက်တွေကို ဆက်လက် ကိုင်စွဲကြပါစို့။ ။
ကိုးကား
၁။ ဖဒိုမန်းရှာ ရေး . . . ဗိုလ်ချုပ်မြ (သို့မဟုတ်) တော်လှန်မုန်တိုင်းအတွင်းမှ သစ်တပင်) ဆောင်းပါး
၂။ စောဘိုမြ၏ ကျနော့်ဘဝဖြတ်သန်းမှုအစစ်အမှန် ကိုယ်တိုင်ရေးစာအုပ်
၃။ မာနယ်ပလော တပ်ပေါင်စု ဌာနချုပ်၌ ကျင်းပသော ၈၈၈၈ အရေးတော်ပုံကြီး ၃ နှစ်မြောက်ပွဲမှ စောဘိုမြ၏ မိန့်ခွန်း
၄။ ရေဒီယိုအင်တာဗျူးတချို့


