
ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက်နေ့တုန်းက ရန်ကုန်၊ သိမ်ဖြူအားကစားရုံမှာ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံရှစ် (MLWC) ၁၀ နှစ်ပြည့်ပွဲကို ကျင်းပခဲ့ပါတယ်။ အဲဒီနေ့က ပရိသတ်တွေရဲ့ အားပေးသံတွေနဲ့ အားကစားရုံတခုလုံး ပွက်လောရိုက်နေခဲ့ပါတယ်။
လက်ဝှေ့ကျော် ထွန်းထွန်းမင်းက သူ့ပြိုင်ဘက်ကို စိုက်ကြည့်လိုက်တယ်။ ပြီးတော့ ညာလက်နဲ့ ဘယ်လက်မောင်းကို ရိုက်ပြီး လက်ခမောင်းခတ်လိုက်ပါတယ်။ ဒါဟာ ပြိုင်ဘက်ကို လေးစားမှုပြတာ ဖြစ်သလို၊ တိုက်ခိုက်ဖို့ ဖိတ်ခေါ်တဲ့ လက်ဝှေ့သမားတွေရဲ့ အမူအရာလည်း ဖြစ်ပါတယ်။
ဆိုင်ဝိုင်းဆရာက ဗုံတီးသံကို မြှင့်လိုက်တာနဲ့ ပရိသတ်တွေကလည်း "ချ... ချ... ချ" ဆိုပြီး အော်ဟစ်အားပေးကြပါတော့တယ်။
အသက် ၃၁ နှစ်အရွယ် ထွန်းထွန်းမင်းက ပြိုင်ဘက်နားကို တဖြည်းဖြည်းတိုးကပ်သွားတယ်။ ပြီးတော့ ပြိုင်ဘက်မျက်နှာကို လက်သီးနဲ့ထိုး၊ ခြေထောက်နဲ့ကန်ပြီး တရစပ် တိုက်ခိုက်ပါတော့တယ်။ ခဏအကြာမှာပဲ ထွန်းထွန်းမင်းက ခေါင်းနဲ့ တိုက်လိုက်တဲ့အတွက် ပြိုင်ဘက်ကထောင့်ကိုလွင့်စင်သွားပြီး သတိမေ့သွားပါတယ်။ ပရိသတ်တွေကလည်း ထွန်းထွန်းမင်း နိုင်သွားပြီဆိုပြီး ဟိန်းဟိန်းညံ အော်ဟစ်ကြပါတော့တယ်။
ဒါပေမဲ့ လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ ဒီလိုမြင်ကွင်းမျိုး မတွေ့ရသလောက်ပါပဲ။
ကပ်ရောဂါ မဖြစ်ခင်တုန်းကတော့ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် (MLF) က တလကို ပွဲ ၃ ပွဲလောက် ပုံမှန်ကျင်းပခဲ့တာပါ။ ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ်မှာတော့ ပွဲတွေ ရပ်နားလိုက်ရပါတယ်။ အခုကျင်းပတဲ့ ၁၀ နှစ်ပြည့်ပွဲဟာ ၂၀၂၃ ခုနှစ်ကစပြီး ပွဲတွေပြန်စဖို့ ကြိုးစားလာတဲ့ MLF ရဲ့ ခြေလှမ်းတခု ဖြစ်ပါတယ်။
ကမ္ဘာ့ကပ်ရောဂါနဲ့ မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် လက်ဝှေ့ပွဲအရေအတွက်တွေ ကျဆင်းသွားပါတယ်။ ဒီအခြေအနေက မြန်မာ့ရိုးရာအားကစားကို ခြိမ်းခြောက်လာသလို ဖြစ်နေပါတယ်။လက်ဝှေ့လောကသားတွေရဲ့ ပြောဆိုချက်တွေအရ ကစားသမားတော်တော်များများ အလုပ်လက်မဲ့ ဖြစ်ကုန်ကြတယ်လို့ ဆိုပါတယ်။
လက်ဝှေ့ပွဲတခုမှာ အနိုင်ရရင် ကျပ် ၆၅ သိန်း (စင်ကာပူဒေါ်လာ ၄,၀၀၀ ခန့်) လောက် ရနိုင်ပါတယ်။ ဒုတိယရတဲ့သူကတော့ ၄၆ သိန်းလောက် ရပါတယ်။
လက်ဝှေ့ကို "ကိုးပါးအနုပညာ" လို့လည်း ခေါ်ကြပါတယ်။ သိုင်းပညာဆိုင်ရာ ဘလော့ဂါ မာတင် ဂါလာဂါရဲ့ ပြောပြချက်အရ လက်ဝှေ့ဟာ လွန်ခဲ့တဲ့ နှစ် ၁၀၀၀ ကျော်ကတည်းက ရှိခဲ့တာပါ။ မူလကတော့ စစ်တိုက်ရာမှာ သုံးတဲ့ ပညာရပ်တခု ဖြစ်ပါတယ်။
အရှေ့တောင်အာရှက တခြား လက်ဝှေ့နည်းတွေနဲ့ ဆင်တူပေမဲ့ မြန်မာ့လက်ဝှေ့က ပိုထူးခြားပါတယ်။ လက်အိတ်မပါဘဲ ထိုးသတ်ရတယ်။ ခေါင်းနဲ့ တိုက်ခွင့်ရှိတယ်။ ပြီးတော့ အလဲထိုးနိုင်မှသာ အနိုင်ရတဲ့ စနစ်ဖြစ်ပါတယ်။
မွေထိုင်းဘက်ကို ခြေဦးလှည့်လာခြင်း
ရွှေခါးပတ်ချန်ပီယံ စိုးလင်းဦးဆိုရင် လက်ဝှေ့ပွဲတွေမှာ ပြိုင်ဘက်ကို အလဲထိုးပြီး ၆၈ ပွဲအထိ နိုင်ခဲ့ဖူးပါတယ်။ ဂုဏ်ဒြပ်ကြီးမားတဲ့ လက်ဝှေ့သမားတယောက်ပါ။ ဒါပေမဲ့ ၂၀၂၃ ခုနှစ်မှာတော့ အသက် ၃၃ နှစ်အရွယ် စိုးလင်းဦးဟာ အလားအလာပိုကောင်းမဲ့ မွေထိုင်းဘက်ကို ကူးပြောင်းဖို့ စတင်ပြင်ဆင်ခဲ့ပါတယ်။
"မွေထိုင်းမှာက လက်ဝှေ့ထက်စာရင် ယှဉ်ပြိုင်ဖို့ အခွင့်အရေး ပိုများတယ်။ ဒါကြောင့် ပိုက်ဆံရအောင် မွေထိုင်းထိုးဖို့ ရွေးချယ်ခဲ့တာပါ" လို့ ကလေး ၂ ယောက်အဖေ စိုးလင်းဦးက ပြောပါတယ်။ သူဟာ ထိုင်းနိုင်ငံကို ပြောင်းရွှေ့ပြီး မွေထိုင်းကစားနေတဲ့ မြန်မာကစားသမား ၄၀ ထဲက တယောက် ဖြစ်ပါတယ်။
မွေထိုင်းပွဲကြီးတွေမှာဆိုရင် ကစားသမားတယောက်ဟာ ဘတ် ၄ သိန်း (စင်ကာပူဒေါ်လာ ၁၆,၀၀၀ ကျော်) အထိ ရနိုင်ပါတယ်။
One Championship ရဲ့ အပတ်စဉ်ပွဲတွေမှာ ၃ ပွဲဆက်တိုက် အနိုင်ရပြီးတဲ့နောက်၊ ၂၀၂၄ ခုနှစ်မှာ စိုးလင်းဦးဟာ ဂဏန်း ၆ လုံးတန် စာချုပ်တခု ချုပ်ဆိုနိုင်ခဲ့ပါတယ်။ South China Morning Post ရဲ့ ဖော်ပြချက်အရ အမေရိကန်ဒေါ်လာ ၁ သိန်း (စင်ကာပူဒေါ်လာ ၁၂၉,၀၀၀) လောက် တန်ကြေးရှိပါတယ်။
စိုးလင်းဦးက လက်ဝှေ့လောကကို အပြီးတိုင် စွန့်ခွာသွားတာတော့ မဟုတ်ပါဘူး။ လောလောဆယ်မှာတော့ မွေထိုင်းပွဲတွေပဲ ထိုးနေတာပါ။
"လက်ဝှေ့ပွဲတိုင်းမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရနိုင်တယ်။ မွေထိုင်းမှာတော့ ဒဏ်ရာရတာ နည်းနည်းသက်သာတယ်"လို့ ထိုင်းစည်းမျဉ်းတွေနဲ့ ၂ နှစ်လောက် ထိုးသတ်အပြီးမှာ သူက ပြောပါတယ်။
ဒါပေမဲ့ မြန်မာ့ယဉ်ကျေးမှုမှာ အမြစ်တွယ်နေတဲ့ ဒီအားကစားနည်းကို ဆက်လက်ထိန်းသိမ်းဖို့အတွက် စိုးလင်းဦးက သင်တန်းကျောင်း ၃ ခု ဖွင့်ထားပါတယ်။ ထိုင်းမှာရော မြန်မာမှာပါ ဖွင့်ထားတာဖြစ်ပြီး အသက် ၁၃ နှစ်အထက် လူငယ်တွေကို သင်ပေးနေပါတယ်။
"ရိုးရာမပျက် ထိန်းသိမ်းချင်လို့ မျိုးဆက်သစ်တွေကို သင်ပေးနေတာပါ" လို့ သူက ပြောပါတယ်။
World Lethwei Championship (WLC) ရဲ့ အမှုဆောင်အရာရှိချုပ် ဂျရယ်လ်အင်ကတော့ စိုးလင်းဦးလို ကစားသမားတွေ မွေထိုင်းဘက် ကူးကုန်ကြတဲ့အတွက် မျိုးဆက်ပြတ်သွားမှာကို စိုးရိမ်နေပါတယ်။
အသက် ၃၆ နှစ်အရွယ် ဂျရယ်လ်က မြန်မာလက်ဝှေ့သမားတွေက ပိုက်ဆံပိုရတဲ့ မွေထိုင်းဘက် ကူးတာ အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ၂၀၂၀ နောက်ပိုင်းမှာတော့ အရေအတွက်က သိသိသာသာ များလာတယ်လို့ ဆိုပါတယ်။
မြန်မာ့လက်ဝှေ့ကို ကမ္ဘာကသိအောင် လုပ်ခြင်း
၂၀၁၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ WLC ဟာ မြန်မာ့လက်ဝှေ့ကို နိုင်ငံတကာ ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တဲ့ ပထမဆုံး အဖွဲ့အစည်း ဖြစ်ပါတယ်။
စင်ကာပူနိုင်ငံသား ဂျရယ်လ်ဟာ အရင်က One Championship မှာ စီနီယာညှိနှိုင်းရေးမှူး လုပ်ခဲ့ဖူးသူပါ။ မြန်မာစီးပွားရေးလုပ်ငန်းရှင် ဇေသီဟက ကမ်းလှမ်းလာတဲ့အခါမှာတော့ အစကနေ ပြန်တည်ဆောက်ရမဲ့ အခွင့်အရေးတခုအနေနဲ့ သူလက်ခံခဲ့ပါတယ်။
ဒီအဖွဲ့အစည်းက ကစားသမားတွေအတွက် သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ ဆေးကုသစရိတ်တွေကို တာဝန်ယူပေးပါတယ်။ ပြည်တွင်းပွဲတွေမှာ ရတာထက် ၂ ဆပိုများတဲ့ ဆုကြေးငွေကိုလည်း ပေးပါတယ်။
ပရိသတ်ပိုများလာအောင်လို့ WLC က ရိုးရာစည်းကမ်းတချို့ကို ပြင်ဆင်ခဲ့ပါတယ်။ အလဲထိုးမှ အနိုင်ရမယ့်စနစ်အစား အမှတ်ပေးစနစ်ကို ပြောင်းခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာ ကြိုတင်ကာကွယ်မှုတွေလည်း လုပ်ခဲ့ပါတယ်။ ဥပမာ - ဒဏ်ရာပြင်းပြင်းထန်ထန်ရရင် ပွဲရပ်လိုက်တာမျိုးပေါ့။
"လက်ဝှေ့ရဲ့ အနှစ်သာရကို မပျက်စေဘဲ နိုင်ငံတကာပရိသတ်တွေ လက်ခံနိုင်မဲ့ ပုံစံမျိုးဖြစ်အောင် ပြောင်းဖို့လိုပါတယ်" လို့ ဂျရယ်လ်က ပြောပါတယ်။ ပွဲမစခင် ကပြတဲ့ အကတွေနဲ့ ခေါင်းတိုက်လို့ရတဲ့ စည်းကမ်းကိုတော့ သူတို့ ဆက်ထားပါတယ်။
ဒါပေမဲ့ ဒီလိုပြင်ဆင်တာကို ကန့်ကွက်သူတွေလည်း ရှိပါတယ်။ WLC က ရိုးရာကို ဖျက်ဆီးပစ်မှာစိုးလို့ ပြည်တွင်းပရိသတ်တွေနဲ့ လက်ဝှေ့အဖွဲ့ချုပ် (MLF) က စိုးရိမ်ခဲ့ကြတယ်လို့ ဂျရယ်လ်က ဆိုပါတယ်။
"ကျနော်တို့ လုပ်နေတာတွေက ရေရှည်မှာ ဒီအားကစားနည်းအတွက် ကောင်းကျိုးဖြစ်စေကြောင်း လူတွေယုံလာအောင် တယောက်ချင်းစီကို လိုက်လံစည်းရုံးခဲ့ရပါတယ်" လို့ သူက ပြောပြပါတယ်။
၂၀၁၉ အထိ WLC ဟာ ပွဲပေါင်း ၁၄ ပွဲ ကျင်းပခဲ့ပြီး အွန်လိုင်းကနေ ကြည့်ရှုသူ ၃၇ သန်းအထိ ရှိခဲ့ပါတယ်။
လက်ဝှေ့က ဘယ်တော့မှ ပျောက်ဆုံးသွားမှာမဟုတ်ဘူး
WLC ပြန်လာမှာကို ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။ ၂၀၂၆ မတ်လမှာ နိုင်ငံတကာ ကစားသမားတွေပါဝင်မယ့် ပွဲကြီးတပွဲနဲ့ ပြန်လာဖို့ ပြင်ဆင်နေတယ်လို့ ဂျရယ်လ်က ပြောပါတယ်။
မြန်မာ့လက်ဝှေ့ကို ကမ္ဘာမှာထင်ပေါ်လာဖို့ စိတ်ဝင်စားနေတဲ့ နောက်ထပ် အဖွဲ့ကြီးတခုကတော့ Bare Knuckle Fighting Championship (BKFC) ဖြစ်ပါတယ်။
သူတို့ကတော့ ပရိသတ်ကြိုက်အောင် စည်းကမ်းလျှော့ပေးမဲ့အဖွဲ့ မဟုတ်ပါဘူး။ မူလလက်ဝှေ့အတိုင်း ကြမ်းတမ်းနေတာကမှ ကမ္ဘာမှာ အောင်မြင်မယ့်သော့ချက်လို့ BKFC က ယုံကြည်ပါတယ်။
"ကြမ်းတာ မကြည့်ရဲရင် တခြားဟာ သွားကြည့်ကြဖို့ ပြောချင်ပါတယ်။ ကျနော်တို့ကတော့ ရိုးရာအစဉ်အလာ စည်းမျဉ်းတွေနဲ့ပတ်သက်ပြီး အလျော့အတင်း လုပ်သွားမှာ မဟုတ်ပါဘူး" လို့ BKFC Lethwei ရဲ့ CEO လည်းဖြစ်၊ ကိုယ်တိုင်လည်း MMA ကစားသမားဟောင်းဖြစ်တဲ့ နစ်ခ် ချက်ပ်မန်းက ပြောပါတယ်။
၂၀၂၆ မတ်လ ရန်ကုန်မှာကျင်းပမဲ့ ပွဲစဉ်ထဲမှာ BKFC ရဲ့ ပထမဆုံး လက်ဝှေ့ပွဲလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။
ဝါရင့် လက်ဝှေ့ဆရာကြီး ဦးဝင်းဇင်ဦးကတော့ ကပ်ရောဂါကာလမှာ ပွဲကြီးတွေ မရှိခဲ့ပေမဲ့ သင်္ကြန်လို ပွဲတော်ရက်တွေမှာတော့ လက်ဝှေ့ပွဲတွေ ရှိနေခဲ့တာပါပဲလို့ ပြောပါတယ်။ သူဟာ နှစ် ၅၀ လောက် အတွေ့အကြုံရှိတဲ့ ဆရာကြီးပါ။
"လက်ဝှေ့က ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ရဲ့ ယဉ်ကျေးမှုနဲ့ ထဲထဲဝင်ဝင် ဆက်စပ်နေလို့ပါ" လို့ သူက ပြောပါတယ်။
ဩဂုတ်လ ၁၇ ရက်နေ့က လုပ်ခဲ့တဲ့ ၁၀ နှစ်ပြည့်ပွဲဟာ ပြန်လည်နိုးထလာမဲ့ လက္ခဏာကောင်း တခုလို့ ပြောရင်ရပါတယ်။ ဒါပေမဲ့ ဒီအားကစားနည်း ရေရှည်တည်တံ့ဖို့ဆိုရင် ဒီထက်ပိုပြီး ကြိုးစားရဦးမယ်လို့ သူက ဆိုပါတယ်။
"ကျနော့်အိပ်မက်ကတော့ မြန်မာ့လက်ဝှေ့ကို အခုလက်ရှိ မွေထိုင်း နာမည်ကြီးသလိုမျိုး ကမ္ဘာကျော် ဖြစ်စေချင်တာပါပဲ။"
အစ္စဘယ်လ်ချောင်နှင့် ဂျနဲလ်လင်း
Ref: Asia One
Photo: Myanmar Lethwei Federation


