Home
နိုင်ငံတကာ
ပန်ဆလ်ဗေးနီးယား ဘိုးဘွားရိပ်သာတွင် ပေါက်ကွဲ မီးလောင်မှုကြောင့် အနည်းဆုံး ၂ ဦး သေဆုံး
DVB
·
December 24, 2025
Photo: REUTERS/Bastiaan Slabbers

အမေရိကန်ပြည်ထောင်စု၊ ပန်ဆလ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲလ်ဖီးယားမြို့ အနီးရှိ ဆေးလ်ဗားလိတ်ခ် သက်ကြီးစောင့်ရှောက်ရေးဂေဟာမှာ ဒီဇင်ဘာ ၂၃ ရက်က ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ဖြစ်ပုံရတဲ့ ပေါက်ကွဲမှု ၂ ခုနဲ့  မီးလောင်မှုတခု ဖြစ်ပြီး အနည်းဆုံး လူ ၂ ယောက် သေဆုံးခဲ့ကြောင်းနဲ့ အဆောက်အအုံပြိုကျမှုမှာ ထိခိုက်ဒဏ်ရာရသူတွေကို အပြင်းအထန် ရှာဖွေနေကြောင်း အရာရှိတွေက ပြောပါတယ်။

ဘတ်ခ်စ်ကောင်တီ ဖီလာဒဲလ်ဖီးယားမြို့ အရှေ့မြောက်ဘက် ၂၁ မိုင် (၃၃ ကီလိုမီတာ) အကွာ ဘရစ္စတိုလ်မြို့နယ်ရှိ ဆေးလ်ဗားလိတ်ခ် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာမှာ ပေါက်ကွဲမှုတွေနဲ့ မီးတောက်တွေ လောင်ကျွမ်းပြီးနောက် နာရီပိုင်းတွေအကြာမှာ လူ ၅ ယောက် ပျောက်ဆုံးနေတယ်လို့ ယုံကြည်ရကြောင်း ဘရစ္စတိုလ် မြို့နယ်မီးသတ်ဦးစီးမှူး ကက်ဗင် ဒစ်ပိုလိတို က ပြောပါတယ်။

သေဆုံးသူ ၂ ယောက်အပြင်၊ အသက်ရှင်ကျန်ရစ်သူ အရေအတွက် အတိအကျ မသိရှိရသေးပေမဲ့ ဒဏ်ရာရသူတွေရှိကြောင်း ဒစ်ပိုလိတိုက ပြောကြားခဲ့ပြီး အဆောက်အအုံရဲ့ ပြိုကျပျက်စီးသွားတဲ့အပိုင်းအတွင်း ပိတ်မိနေတဲ့ လူနာတွေနဲ့ ဝန်ထမ်းအများအပြားကို ကယ်ဆယ်နိုင်ခဲ့ကြောင်းလည်း သူက ဆိုပါတယ်။ 

ဘတ်ခ်စ်ကောင်တီ အရေးပေါ်ကယ်ဆယ်ရေးဌာနဟာ အရှေ့ပိုင်းစံတော်ချိန် မွန်းလွဲ ၂ နာရီ ထိုးပြီးနောက် မကြာခင်မှာပဲ ပေါက်ကွဲမှုတခုရဲ့ ပထမဆုံး သတင်းပေးပို့ချက်တွေကို လက်ခံရရှိခဲ့ပါတယ်။

အဆောက်အအုံရဲ့ ပထမထပ်မှ အစိတ်အပိုင်းတခုဟာ အောက်ဘက် မြေအောက်ခန်းထဲကို ပြိုကျသွားခဲ့ပါတယ်။

ပြိုကျနေတဲ့ အပျက်အစီးတွေ၊ ပိတ်ဆို့နေတဲ့ လှေကားတွေနဲ့ ဓာတ်လှေကားတွေကြားကနေ ထိခိုက်ဒဏ်ရာရသူ အများအပြားကို ကယ်ထုတ်နိုင်ခဲ့ပြီး မီးသတ်သမားတွေဟာ ပြိုကျနေတဲ့ မြေအောက်ခန်းဇုန်ထဲကို ဝင်ရောက်ကာ အနည်းဆုံး လူ ၂ ယောက်ကို ဘေးကင်းရာကို ဆွဲထုတ်နိုင်ခဲ့ပြီး ဓာတ်ငွေ့ငွေ့တွေကြားကနေ ပြန်ထွက်ခဲ့ကြကြောင်းလည်း ဆိုပါတယ်။

အဆောက်အအုံထဲကနေ ထွက်လာပြီး ၁၅ စက္ကန့်ကနေ ၃၀ စက္ကန့်လောက်အတွင်းမှာပဲ ဓာတ်ငွေ့အနံ့ ခပ်ပြင်းပြင်း ရနေတာကို သိလိုက်ချိန်မှာ နောက်ထပ်ပေါက်ကွဲမှုနဲ့ မီးလောင်မှုတခု ဖြစ်ပွားခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးမှူး ဒစ်ပိုလိတိုက ပြောပါတယ်။

လူနာတွေနဲ့ ဝန်ထမ်းတွေရဲ့ အရေအတွက်ကို ချက်ချင်းမသိရသေးပါဘူး။ တရားဝင် မက်ဒီကဲ ပံ့ပိုးပေးသူ ဝက်ဘ်ဆိုက်တခုအရ သက်ကြီးရွယ်အိုဂေဟာမှာ ခုတင် ၁၇၄ လုံးအထိ ရှိတယ်လို့ သိရပါတယ်။

အသက် ၅၀ မှ ၉၅ နှစ်ကြားရှိ လူနာ ၅၀ ကျော်ဟာ တချိန်တည်းမှာ အဆောက်အအုံအတွင်းမှာ ရှိနေလေ့ရှိကြောင်း ABC News ရဲ့ တွဲဖက်အဖွဲ့အစည်းတခုဖြစ်တဲ့ WPVI-TV က သတင်းထုတ်ပြန်ထားပါတယ်။

၅ နာရီလောက်အကြာမှာ သူနာပြုဂေဟာတာဝန်ရှိသူတွေဟာ လူနာအားလုံးကို ရှာဖွေတွေ့ရှိပြီးဖြစ်ကြောင်း အာဏာပိုင်တွေကို အကြောင်းကြားခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013