Home
မြန်မာသတင်း
ပေါက်မြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး​နှင့် တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံး
DVB
·
December 24, 2025
Photo: ကျောင်းသားလက်ရုံးတပ်တော်(SAF) နဲ့ ရုပ်သံဟောင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ယောက် သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ထိခိုက်ကျဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၉ ရက်၊ ၁၀ ရက်၊ ၁၆ ရက်နဲ့ ၂၀ ရက်နေ့တွေမှာ နှစ်ဖက် တိုက်ပွဲတွေ ဖြစ်ခဲ့ကြတာလို့ ပူးပေါင်းတပ်က ပြောပါတယ်။

ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ပြန်ကြားရေးတာဝန်ခံတယောက် “အခုလ ၉ ရက်ကကစပြီး ပေါက်မြို့နယ် မြောက်ပိုင်းမှာရှိတဲ့ ​ရွာတွေကို စစ်ကြောင်းထိုးပြီး ဝင်ရောက်လာတဲ့ ကပစ ၂၄ က ဖောကား ၂ စီးနဲ့ အင်အား ၁၅၀ ဝန်းကျင်ပါလာတဲ့ စကမ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်လို့ ထိတွေ့တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ပြီးတော့ ရန်သူ့ဘက်က ၁၂ ယောက် သေတယ်။ ၄၀ နီးပါးဒဏ်ရာရတယ်လို့ တိကျသေချာတဲ့ မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သတင်းပို့လာပါတယ်” လို့ ပြောပါတယ်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) အပါအဝင် ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA)၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ နယ်စည်းမခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပခုက္ကူ) (BORDERLESS)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MGY-PDF)၊ Phoenix Guerrilla Force (ဖီးနစ်ပြောက်ကျားတပ်ဖွဲ့)၊ ပေါက် ပကဖ နဲ့ မြိုင် ပကဖ တို့အပြင် BLY​ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

ကျောင်းသားလက်ရုံးတပ်တော်(SAF) ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကျော်ဟိဏ်း က “တိုက်ပွဲတွေထဲမှာတော့ ပေါက်​မြို့နယ်က ပကဖ တပ်ဖွဲ့ဝင်တယောက်နဲ့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MGY PDF) က တပ်ဖွဲ့ဝင်တယောက်တို့ ကျဆုံးခဲ့ရသလို ရဲဘော် ၅ ယောက်လောက်လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါသေးတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းထဲမှာ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရသူတယောက်လည်း MA4 သေနတ်တလက်အပါအဝင် ခဲယမ်းတချို့နဲ့အတူ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကို အလင်းဝင်ရောက်ခိုလှုံလာခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းအထိ အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ ညောင်ရင်းကျေးရွာအတွင်းမှာ အထိုင်ချ တပ်စွဲနေတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်​ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ကြတာကြောင့် ပျမ၊ ချောင်းကူး၊ မိုးကောင်း၊ ပေပင်ရှင်မ၊ ညောင်ပင်သာ၊ ချောင်းဝ၊ ဝက်ပုတ်၊ ကျွန်းတိုင်း၊ ဂွေးဂုံ၊ စသိန်း၊ ဂဲပင်အင်း၊ ညောင်ရင်းနဲ့ ချောင်းဆုံကျေးရွာတွေက လူနေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ရသလို ထောင်ချီတဲ့ ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013