
အီကွေဒေါနိုင်ငံရဲ့ အကြီးဆုံးမြို့ ဂွါယာကီးလ်မှာ ဒီဇင်ဘာ ၂၂ ရက်က လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးတွေအတွင်း အသက် ၁၁ နှစ်ကနေ ၁၅ နှစ်အရွယ် ယောက်ျားလေး ၄ ယောက် ပျောက်ဆုံးမှုအတွက် တရားရုံးက စစ်သား ၁၇ ယောက်ထဲက ၁၁ ယောက်ကို ထောင်ဒဏ် ၃၄ နှစ်ကျော် ချမှတ်လိုက်ပါတယ်။
ဒါဟာ ရာဇဝတ်မှုကို တိုက်ရိုက်ကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ စစ်သား ၁၁ ယောက်အပေါ် အစိုးရရှေ့နေတွေက တောင်းဆိုထားတဲ့ ပြစ်ဒဏ်လည်း ဖြစ်ပါတယ်။
တရားရုံးက အမှုထဲမှာ တရားလိုနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ စစ်သား ၅ ယောက်ကိုလည်း ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခဲ့ပါတယ်။ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံရပေမဲ့ ကင်းလှည့်ရာမှာ မပါတဲ့ ဒုတိယဗိုလ်မှူးကြီးတယောက်ကို အပြစ်မရှိကြောင်း ကြေညာခဲ့ပါတယ်။
မနှစ် ဒီဇင်ဘာလမှာ အရေးပေါ် အခြေအနေအမျိုးမျိုးကို ထုတ်ပြန်ပြီး လမ်းတွေပေါ်မှာ ကင်းလှည့်ဖို့ စစ်သားတွေကို အမိန့်ပေးခဲ့တဲ့ သမ္မတ ဒန်နီရယ်နိုဘိုအာ စခဲ့တဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေး စစ်ရေးထိုးစစ်အတွင်း ကလေးတွေဟာ ဂွါယာကီးလ်မြို့က လာ့စ်မာလ်ဗီးနပ်စ်ရပ်ကွက်ထဲမှာ ပျောက်ဆုံးသွားပါတယ်။
ကလေးတွေ ပျောက်သွားတဲ့နေ့က ဘောလုံးကစားဖို့ အိမ်ကနေ ထွက်သွားခဲ့တာလို့ ယောက်ျားလေးတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ သူတို့ရှေ့နေတွေက သူတို့မသေဆုံးမီ ရခဲ့တဲ့ ဒဏ်ရာတွေနဲ့ ညိုမဲဒဏ်ရာတွေကို ရင်ခွဲစစ်ဆေးရာမှာ တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။
စစ်သားတွေဟာ ညဘက်ကင်းလှည့်ချိန်အတွင်း ကလေးတွေကို ဖမ်းဆီး ရိုက်နှက်ခဲ့ပြီး အဝတ်အစားတွေ ချွတ်ခိုင်းတဲ့အပြင် မြို့ရဲ့တောင်ဘက် ၁၉ မိုင်အကွာက အန္တရာယ်များတဲ့ ကျေးလက်ဒေသတခုဖြစ်တဲ့ ထိုးရာမြို့မှာ အဝတ်ဗလာနဲ့ စွန့်ပစ်ထားတာကို ကလေးတွေ ခံခဲ့ရတယ်လို့ စွပ်စွဲခံထားရပါတယ်။
ကလေးတယောက်က ထိုးရာမြို့ကနေ သူ့ဖခင်ကို ဖုန်းခေါ်ဆိုခဲ့ပေမဲ့ လာခေါ်ဖို့ ရောက်ချိန်မှာ သူတို့ကို ရှာမတွေ့ခဲ့ဘူးလို့ မျက်မြင်သက်သေတွေက ထွက်ဆိုပါတယ်။
ရက်အနည်းငယ်အကြာမှာ အာဏာပိုင်တွေက ထိုးရာမြို့မှာတွေ့ခဲ့တဲ့ မီးလောင်ကျွမ်းနေတဲ့ အလောင်း ၄ လောင်းကို ပျောက်ဆုံးနေတဲ့ ကလေးတွေအဖြစ် ဖော်ထုတ်နိုင်ခဲ့ပါတယ်။
Source: Reuters


