Home
နိုင်ငံတကာ
ပွါတိုရီကိုနိုင်ငံတွင်း၌ အမေရိကန်က စစ်ဆင်ရေး ဆက်လုပ်နေ
DVB
·
December 22, 2025
Photo: Reuters

အမေရိကန်စစ်ဘက်ဆိုင်ရာ လူတွေနဲ့ ပစ္စည်းတွေ ပွါတိုရီကိုနိုင်ငံထဲမှာ စစ်ဆင်ရေးတွေ ဆက်လုပ်နေတာကို ဒီဇင်ဘာ ၂၁ ရက်မှာ တွေ့ရပါတယ်။

အမေရိကန်ရေတပ်ရဲ့ ပြန်လည်ဖြည့်တင်းရေး ဆီတင်သင်္ဘောတစင်းက ဆိပ်ကမ်းမှာ တပ်စွဲထားပြီး စစ်ဘက်လေယာဉ်တစင်းက ပွန်စီမြို့မှာရှိတဲ့ မာစီဒီတာလေဆိပ်မှာ တာဝန်ထမ်းဆောင်နေပါတယ်။

အမေရိကန်ရေတပ်ရဲ့ ပြန်လည်ဖြည့်တင်းရေး ဆီတင်သင်္ဘော USNS ကာနာဝှါ T-AO- 196 ကို ပွါတိုရီကိုရဲ့ တောင်ဘက်ကမ်းရိုးတန်းက အမေရိကဆိပ်ကမ်းမှာ ဆိုက်ကပ်ထားပြီး ရေတပ်ဝန်ထမ်းတွေကို သင်္ဘောပေါ်မှာ တွေ့ရပါတယ်။

မာစီဒီတာလေဆိပ်မှာ စက်ပြင်သမားတွေက V-22 အေ့ာစ်ဖရေး လေယာဉ်ပေါ်မှာ အလုပ်လုပ်နေတာကို တွေ့ရပြီး CH-53E Super Stallion ရဟတ်ယာဉ်တွေကလည်း ပျံတက်ဖို့ ပြင်ဆင်နေခဲ့ပါတယ်။

ထရမ့်ပ်အစိုးရက လေယာဉ်တင်သင်္ဘော၊ စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေနဲ့အတူ ကာရစ်ဘီယံဒေသဆီ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ စေလွှတ်ခဲ့ပြီး ဒေသတွင်း မူးယစ်ဆေးဝါး သယ်ဆောင်တယ်လို့ သံသယရှိတဲ့ သင်္ဘောတွေကို တိုက်ခိုက်နေခဲ့ပါတယ်။

အမေရိကန်တပ်ဖွဲ့တွေဟာ ဒဏ်ခတ်ထားတဲ့ ရေနံတင်သင်္ဘောတစင်းကိုလည်း ဗင်နီဇွဲလား ကမ်းရိုးတန်းမှာ ဖမ်းဆီးခဲ့ပြီး အစိုးရက ဒဏ်ခတ်ထားတဲ့ ဗင်နီဇွဲလားနိုင်ငံထဲ အဝင်အထွက်လုပ်နေတဲ့ တားမြစ်ရေနံတင်ပို့မှုကို ဟန့်တားမှုအဖြစ် ကြေညာခဲ့ပါတယ်။

ကုန်းလမ်းကနေ မူးယစ်မှောင်ခိုမှုအတွက် ဗင်နီဇွဲလားနိုင်ငံရဲ့ မြေပြင်ပေါ်မှာပါ တိုက်ခိုက်တာတွေ ဖြစ်လာနိုင်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က အကြိမ်ကြိမ် ပြောခဲ့ပါတယ်။

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုနဲ့ အစိုးရက ရာဇဝတ်မှုလုပ်ငန်းတွေနဲ့ မပတ်သက်ဘူးလို့ ငြင်းဆိုခဲ့ပြီး အမေရိကန်အစိုးရက ဗင်နီဇွဲလားရဲ့ ရေနံသိုက်တွေကို ထိန်းချုပ်ဖို့ သူ့အစိုးရကို ဖြုတ်ချရေး ကြိုးပမ်းနေတာလို့ စွပ်စွဲခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013