
ဗင်နီဇွဲလားကမ်းလွန်က နိုင်ငံတကာရေပိုင်နက်ထဲမှာရှိတဲ့ ရေနံတင်သင်္ဘောတစင်းကို ကြားဖြတ် တားဆီးခဲ့တယ်လို့ အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ္စတီ နိုအမ်က ဒီဇင်ဘာ ၂၀ ရက်မှာ အတည်ပြုခဲ့ပါတယ်။
ဒီလုပ်ရပ်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဗင်နီဇွဲလားနိုင်ငံထဲ ဝင်ထွက်နေတဲ့ ပိတ်ဆို့ဒဏ်ခတ်ခံထားရတဲ့ သင်္ဘောတွေကို တားဆီးမယ်လို့ ကြေညာပြီး ရက်ပိုင်းအတွင်း ပေါ်ပေါက်ခဲ့တာပါ။
ကာရစ်ဘီယံပင်လယ်ထဲက ဘာဘေးဒိုးစ်အရှေ့ဘက်မှာ ကြားဖြတ်တားဆီးခံရတဲ့ သင်္ဘောဟာ ပနားမားအလံ လွှင့်ထူထားတဲ့ စန်ကျူရီစ်သင်္ဘော ဖြစ်မယ်လို့ ယုံကြည်ရကြောင်း ဗြိတိသျှ ရေကြောင်းအန္တရာယ် စီမံခန့်ခွဲမှုကုမ္ပဏီ ဗန်းဂတ်ဒ်က ပြောပါတယ်။
ကမ်းခြေစောင့်တပ်က ဗင်နီဇွဲလားနိုင်ငံထဲမှာ နောက်ဆုံးဆိုက်ကပ်ထားတဲ့ ရေနံတင်သင်္ဘော တစင်းကို ကြားဖြတ်တားဆီးခဲ့တယ်လို့ နိုအမ်က အတည်ပြုခဲ့ပါတယ်။
ကြေညာချက်နဲ့အတူ ရဟတ်ယာဉ်တစင်းက ပင်လယ်ပြင်မှာရှိတဲ့ သင်္ဘောတစင်းဆီ ချဉ်းကပ်နေတဲ့ လေကြောင်းမြင်ကွင်း ရိုက်ကူးထားတဲ့ ရုပ်သံကိုလည်း နိုအမ်ရဲ့ X လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။
အမေရိကန်ဟာ ဒေသတွင်း မူးယစ်ဆေးဝါး အကြမ်းဖက်မှုကို ရန်ပုံငွေထောက်ပံ့ဖို့ သုံးတဲ့ ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ ရေနံတွေ တရားမဝင် ရွှေ့ပြောင်းမှုကို ဆက်ပြီး အမီလိုက်ရှာပြီး ဟန့်တား အရေးယူသွားမယ်လို့လည်း သူက ကြေညာချက်ထုတ်ပြန် ပြောပါတယ်။
သင်္ဘောခြေရာခံဒေတာတွေအရ သင်္ဘောရဲ့ နောက်ဆုံးသိရှိထားတဲ့ တည်နေရာကို ဒီဇင်ဘာ ၁၉ ရက်က ကူရာကာအိုမြို့ မြောက်ဘက် ၆၀ ကီလိုမီတာလောက်မှာ ဖော်ပြထားပါတယ်။
ဒေသတွင်းမှာ အမေရိကန်စစ်တပ်အင်အား အကြီးအကျယ် တည်ဆောက်နေရင်း ဗင်နီဇွဲလားနိုင်ငံနားမှာ အမေရိကန်ဟာ ရေနံတင်သင်္ဘောတစင်းကို လိုက်ရှာဖမ်းဆီးတာဟာ မကြာသေးမီ သီတင်းပတ်တွေအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။
ဗင်နီဇွဲလား ရေနံဝန်ကြီးဌာနနဲ့ နိုင်ငံပိုင် ရေနံကုမ္ပဏီ PDVSA တို့က မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို ချက်ချင်း ပြန်မဖြေပါဘူး။
ဗင်နီဇွဲလားအစိုးရက ရေနံတင်သင်္ဘောကို ကြားဖြတ်ဖမ်းဆီးတာဟာ နိုင်ငံတကာ ပင်လယ်ဓားပြမှုရဲ့ ပြင်းထန်တဲ့လုပ်ရပ်လို့ ခေါ်ဆို ဝေဖန်ခဲ့ပါတယ်။
Source: Reuters


