
တူရကီနိုင်ငံရဲ့ အလယ်ပိုင်း စိုက်ပျိုးရေးဒေသဖြစ်တဲ့ ကွန်းယားပြည်နယ်၊ ကာရာပီနာ မြူနီစီပယ်နယ်မြေမှာ ရာနဲ့ချီတဲ့ မြေကျွံတွင်းတွေ ပေါ်ပေါက်လာတာကြောင့် လယ်သမားတွေနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူတွေအကြား စိုးရိမ်နေပြီး ဒါဟာ ရာသီဥတုပြောင်းလဲမှုရဲ့ စိုးရိမ်ဖွယ် လက္ခဏာတခုအဖြစ် ရှုမြင်ကြပါတယ်။
ပြောင်းဖူး၊ ဂျုံနဲ့ သကြားမုန်လာတွေ ထုတ်လုပ်တဲ့ လယ်ယာမြေတွေမှာ ချိုင့်ခွက်တွေဖြစ်နေတဲ့ တွင်းပေါက်တွေ ရှိနေပြီး နေရာအတော်များများက လယ်ကွင်းတခုထဲမှာတောင် တွင်းချိုင့် ၁၀ ခုကျော် စုပုံနေပါတယ်။
တောင်တန်းဒေသတွေမှာ အရင်က ရေတွေပြည့်နှက်ခဲ့နေပြီး ကျယ်ဝန်းတဲ့ ရှေးဟောင်း တွင်းပေါက်တွေက အများစုက အခုခါ ခန်းခြောက်သွားခဲ့ပါတယ်။
ကွန်းယား ချိုင့်ဝှမ်းဒေသမှာ မြေကျွံတွင်း ဖြစ်ပေါ်နေတဲ့နှုန်းဟာ မကြာသေးမီနှစ်တွေအတွင်း အရှိန်အဟုန်နဲ့ မြင့်တက်လာခဲ့ပြီး စုစုပေါင်း ၇၀၀ နီးပါး ရှိနေပြီလို့ ကွန်းယား နည်းပညာတက္ကသိုလ်မှ မြေကျွံတွင်းတွေကို လေ့လာနေတဲ့ ဘူမိဗေဒပါမောက္ခ ဖယ်တူးလား အာရစ်ခ်က ပြောကြားခဲ့ပါတယ်။
တွင်းအရေအတွက် တိုးလာရခြင်းရဲ့ အဓိကအကြောင်းရင်းဟာ ၂၀၀၀ ပြည့်နှစ်တွေကတည်းက ကမ္ဘာတဝန်း သက်ရောက်မှုရှိခဲ့တဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ မိုးခေါင်ရေရှားမှုကြောင့်ပါလို့ အာရစ်ခ်က ပြောကြားခဲ့ပြီး ဒီမိုးခေါင်ရေရှားမှုကြောင့် မြေအောက်ရေမျက်နှာပြင်ဟာ နှစ်စဉ် အနည်းငယ် နိမ့်ဆင်းနေတယ်လို့လည်း ဆိုပါတယ်။
မြေအောက်ရေမျက်နှာပြင် ကျဆင်းမှုနှုန်းဟာ ၂၀၀၀ ပြည့်နှစ်တွေမှာ တနှစ်ကို မီတာဝက်လောက် ရှိခဲ့တာကနေ တနှစ်ကို ၄ မီတာကနေ ၅ မီတာအထိ ရောက်လာပါတယ်။
မိုးခေါင်မှုနဲ့ မြေအောက်ရေ ကျဆင်းမှုတို့ကြောင့် ဒေသခံ လယ်သမားတွေဟာ အများစု လိုင်စင်မဲ့ဖြစ်တဲ့ ရေတွင်းတွေ ပိုမိုတူးဖော်လာကြတာကြောင့် မြေအောက်ရေကို ပိုမိုကုန်ခန်းစေပြီး ပြဿနာကို ပိုမိုဆိုးရွားစေပါတယ်။
ကွန်းယားချိုင့်ဝှမ်းမှာ ရေလိုအပ်ချက် အလွန်မြင့်မားနေပြီး လိုင်စင်ရှိရေတွင်း ၄၀,၀၀၀ လောက်နဲ့ နှိုင်းယှဉ်ရင် လိုင်စင်မဲ့ရေတွင်း ၁၂၀,၀၀၀ လောက်ရှိကြောင်းလည်း အာရစ်ခ်က ပြောပါတယ်။
မြေကျွံပေါက်အသစ်တွေကြောင့် အခုချိန်အထိ ထိခိုက်သေဆုံးမှုတွေ မရှိသေးပေမဲ့ သူတို့ရဲ့ မခန့်မှန်းနိုင်တဲ့ သဘာဝကြောင့် ဒေသခံတွေရဲ့ အသက်နဲ့ ပိုင်ဆိုင်မှုတွေကို အန္တရာယ်ဖြစ်စေကြောင်းလည်း ပြောပါတယ်။
Source: Reuters


