
ရုရှားနဲ့ဆက်စပ်တဲ့ ရေနံတင်သင်္ဘောကို မကြာသေးမီက ပင်လယ်နက်ထဲမှာ အလွန်ကြောက်စရာကောင်းအောင် တိုက်ခိုက်တာတွေဟာ ဒေသတွင်းက လူတိုင်းရဲ့ ဘေးကင်းရေးကို ခြိမ်းခြောက်နေပြီး ယူကရိန်းစစ်ပွဲ ကျယ်ပြန့်လာမှုကို ပြနေတယ်လို့ တူရကီ နိုင်ငံခြားရေးဝန်ကြီး ဟာခန် ဖီဒန်က ဒီဇင်ဘာ ၃ ရက်မှာ ပြောလိုက်ပါတယ်။
တူရကီရဲ့ သီးသန့်စီးပွားရေးဇုန်အတွင်း တိုက်ခိုက်မှုတွေဟာ ရေကြောင်းသွားလာရေး ဘေးကင်းရေးကို ချိုးဖောက်နေပြီး ကူးသန်းရောင်းဝယ်ရေးကို ထိခိုက်စေတယ်လို့လည်း သူက ပြောပါတယ်။
ပင်လယ်နက်နဲ့လည်း နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တူရကီ၊ ရိုမေးနီးယားနဲ့ ဘူလ်ဂေးရီးယားတို့က လုံခြုံရေးတိုးမြှင့်ဖို့ အစီအမံတွေကို လေ့လာနေတယ်လို့လည်း သူက ထပ်ပြောပါတယ်။
ဖီဒန်ဟာ ယူကရိန်းရဲ့လက်ချက်လို့ တချို့က ပြောနေတဲ့ တိုက်ခိုက်မှုတွေအတွက် မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ် ရူတေ နဲ့အတူ ဘူလ်ဂေးရီးယားနဲ့ ရိုမေးနီးယား နိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်း ဆွေးနွေးခဲ့တယ်လို့ တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ခိုက်မှုတွေကြောင့် ပင်လယ်နက် ရေကြောင်းအာမခံနှုန်းထားတွေ မြင့်တက်လာခဲ့ပြီး တူရကီကုမ္ပဏီတခုဖြစ်တဲ့ ဘီရှစ်တပ်စ် သင်္ဘောလိုင်းက လုံခြုံရေးစိုးရိမ်ချက်တွေကြောင့် ရုရှားနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ပါတယ်။
Source: Reuters


