တူရကီနဲ့ လက်ဘနွန်နိုင်ငံဆီ ခရီးသွားနေတဲ့ ပုပ်ရဟန်းမင်းကြီး လီယိုဟာ နိုဝင်ဘာ ၂၉ ရက်နေ့က တူရီကီနိုင်ငံရဲ့ ထင်ရှားတဲ့ ဗလီပြာကြီးကို သွားရောက်လေ့လာလည်ပတ်ခဲ့ပါတယ်။
ခရီးစဉ်တတိယနေ့ မနက်ပိုင်းမှာ သွားခဲ့တာဖြစ်ပြီး တိတ်တိတ်ဆိတ်ဆိတ် နေခဲ့သလို စုဝေးဆုတောင်းကြသူတွေရဲ့ ယုံကြည်ချက်ကို လေးစားဂါရဝထားတဲ့ စိတ်နဲ့ အာရုံစိုက် နားထောင်ခဲ့တယ်လို့ ဗာတီကန်က သတင်းထုတ်ပြန်ပါတယ်။
ဗလီပြာကြီးလို့ ထင်ရှားတဲ့ ဆူလ်တန် အဟ်မဒ်ဗလီကို ၁၆၁၇ ခုနှစ်မှာ အပြီးသတ် တည်ဆောက်ခဲ့ပြီး အတွင်းပိုင်းမှာ အလှဆင်ထားတဲ့ အပြာရောင်ကြွေပြားတွေကြောင့် ဗလီပြာလို့ လူသိများပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ နိုဝင်ဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၂ ရက်အထိ တူရကီနဲ့ လက်ဘနွန်နိုင်ငံကို ခရီးသွားနေတာ ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ် ၁၆ ဟာ ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလတုန်းက ဗလီပြာကြီးကို သွားရောက်ခဲ့ပြီး အစ္စလာမ်ဘာသာရဲ့ ဆုတောင်းပုံစံအတိုင်း ခေတ္တခဏ တိတ်ဆိတ်ငြိမ်သက် ဆုတောင်းခဲ့သလို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် လည်း ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာတုန်းက ရောက်ရှိခဲ့သေးပြီး ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ် ၁၆ လို ဆုတောင်းခဲ့ပါသေးတယ်။






