
တူရကီနိုင်ငံ ဘော့စ်ဖရပ်စ် ရေလက်ကြားအနီး ပင်လယ်နက်မှာ ရုရှားရဲ့ ပြောက်ကျားရေယာဉ်စုက ကိုင်ရိုစ်နဲ့ ဗီရတ်ထ် အမည်ရှိ ရေနံတင်သင်္ဘော ၂ စင်းဟာ ပေါက်ကွဲမှုတွေ သီးခြားစီဖြစ်ပွားခဲ့ကြောင်း တူရကီ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
ရေနံတင်သင်္ဘောတစင်းကနေ မီးတောက်တွေနဲ့ မီးခိုးလုံးတွေ ထူထူထပ်ထပ် ထွက်ပေါ်လာနေတဲ့ ဗွီဒီယိုတခုကိုလည်း ထုတ်ပြန်ပြသခဲ့ပါတယ်။
၂၇၄ မီတာ ရှည်တဲ့ ရေနံတင်သင်္ဘော ကိုင်ရိုစ်ဟာ အီဂျစ်မှ ရုရှားကို ဦးတည်သွားနေရင်း ပင်လယ်နက်ထဲမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မီးလောင်ခဲ့ကြောင်း တူရကီ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
အမြန်ကယ်ဆယ်ရေးလှေ ၂ စင်း၊ ဆွဲသင်္ဘောတစင်းနဲ့ အရေးပေါ်တုံ့ပြန်ရေးသင်္ဘော တစင်းတို့ကို အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းစေလွှတ်ခဲ့ပြီး သင်္ဘောပေါ်ရှိ သင်္ဘောသား ၂၅ ယောက်ကို ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ကြောင်းလည်း ဆိုပါတယ်။
ကိုင်ရိုစ် ရေနံတင်သင်္ဘောဟာ ရုရှားနိုင်ငံ နိုဗိုရော့ဆီယ်စ်ခ် ဆိပ်ကမ်းကို ဦးတည်နေချိန်မှာ တူရကီကမ်းရိုးတန်းမှ ရေမိုင် ၂၈ မိုင်အကွာလောက်မှာ "ပြင်ပထိခိုက်မှု" ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သတင်းပို့ခဲ့ကြောင်း တူရကီရေကြောင်းရေးရာညွှန်ကြားရေးမှူးရုံးက ပြောပါတယ်။
နောက်ထပ် ရေနံတင်သင်္ဘော ဗီရတ်ဟာ ပင်လယ်နက်ရဲ့ အရှေ့ဘက်ရှိ ကမ်းလွန်ရေမိုင် ၃၅ ခန့်အကွာမှာ တိုက်မိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ကုန်သွယ်ရေးသင်္ဘောတစင်းကို အခင်းဖြစ်ပွားရာနေရာကို စေလွှတ်ခဲ့ကြောင်းလည်း ဆိုပါတယ်။
အင်ဂျင်ခန်းမှာ မီးခိုးတွေ ထူထူထပ်ထပ် ထွက်ပေါ်နေပေမဲ့ သင်္ဘောပေါ်ရှိ ဝန်ထမ်း ၂၀ မှာ အခြေအနေကောင်းမွန်တယ်လို့လည်း ပြောဆိုပါတယ်။
LSEG အချက်အလက်တွေအရ ကိုင်ရိုစ်နဲ့ ဗီရတ်(ထ်) သင်္ဘော ၂ စင်းလုံးဟာ ၂၀၂၁ ခုနှစ်မှာ ယူကရိန်းနိုင်ငံကို အပြည့်အဝကျူးကျော်ပြီးနောက် ရုရှားအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုခံရတဲ့သင်္ဘောများစာရင်းထဲမှာ ပါဝင်ပါတယ်။
လတ်တလောနှစ်ပိုင်းတွေအတွင်းမှာ သင်္ဘောတွေဟာ ပင်လယ်နက်ထဲမှာ မျောပါနေတဲ့ မိုင်းတွေနဲ့ ထိမှန်တဲ့ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။
အခုဖြစ်ရပ် ဖြစ်ပွားချိန်မှာ ကိုင်ရိုစ် သင်္ဘောဟာ ဂမ်ဘီယာအလံ လွှင့်တင်ထားပြီး ကုန်စည်မပါရှိတဲ့ အခြေအနေ နဲ့ ခုတ်မောင်းနေခဲ့ကြောင်း တီရီဘေကာ သင်္ဘောအေဂျင်စီက ပြောပါတယ်။
သင်္ဘောဟာ မိုင်းတခုကို တိုက်မိပြီး နစ်မြုပ်သွားနိုင်တဲ့ အန္တရာယ်ရှိကြောင်းလည်း သတင်းတွေက ညွှန်ပြနေပါတယ်။ ရေလက်ကြားမှတဆင့် သင်္ဘောသွားလာမှုတွေတော့ ဆက်ရှိနေကြောင်း အေဂျင်စီက ပြောပါတယ်။
Source: Reuters


