
အာဏာပိုင်တွေဟာ နိုဝင်ဘာ ၁၁ ရက်က ဂျော်ဂျီယာနိုင်ငံမှာ ပျက်ကျသွားတဲ့ တူရကီ စစ်ဘက်ကုန်တင်လေယာဉ် C-130 ရဲ့ ပျံသန်းမှုမှတ်တမ်းတင်ကိရိယာကို ရှာဖွေတွေ့ရှိထားကြောင်း တူရကီသမ္မတ တေယစ် အာဒိုဂန်က နိုဝင်ဘာ ၁၂ ရက်မှာ ပြောကြားခဲ့ပြီး ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေကြောင်းလည်း ဆိုပါတယ်။
ဂျော်ဂျီယာ အာဏာပိုင်တွေနဲ့အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ တူရကီမှ လူ ၄၆ ယောက်ပါ အဖွဲ့တဖွဲ့ကို စေလွှတ်ခဲ့ကြောင်း အာဒိုဂန်က ပြောကြားခဲ့ပါတယ်။
“အခုထိတော့ အာဇာနည် ၁၉ ဦးရဲ့ ရုပ်ကြွင်းတွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ဆုံး ကျန်နေသေးတဲ့ ရုပ်ကြွင်းတွေကို ရှာဖွေနေဆဲဖြစ်ပါတယ်” လို့ အာဒိုဂန်က ပြောပါတယ်။
C-130 လေယာဉ်ဟာ အာဇာဘိုင်ဂျန်မှ တူရကီကို ပြန်ဖို့ ထွက်ခွာလာခဲ့ပြီး နိုဝင်ဘာ ၁၁ ရက် အင်္ဂါနေ့က ဂျော်ဂျီယာနိုင်ငံမှာ ပျက်ကျခဲ့ပြီးတော့ လေယာဉ်ပေါ်ပါ တူရကီစစ်သား အယောက် ၂၀ စလုံး သေဆုံးခဲ့တာပါ။
လေယာဉ်ဟာ ပျံသန်းနေရင်း ပျက်ကျသွားတာဖြစ်ကြောင်း ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေက ဖော်ပြနေတယ်လို့ လေ့လာသုံးသပ်သူ တချို့က ပြောပါတယ်။
လေယာဉ်ဟာ ယုံကြည်စိတ်ချရမှု ရှိနေပေမဲ့ တူရကီရဲ့ C-130 လေယာဉ်အုပ်စုဟာ သက်တမ်းအိုမင်းနေပြီး ပြန်လည်ပြုပြင်ဖို့ လိုအပ်နေကြောင်းလည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ပျက်ကျခဲ့တဲ့လေယာဉ်ဟာ သက်တမ်း ၅၇ နှစ်ရှိနေပြီး ၂၀၁၀ ခုနှစ်မှာ တူရကီလေတပ်ကို ရောက်ရှိခဲ့ကြောင်း ဖလိုက်ဒ်ရေဒါ 24 နဲ့ တူရကီကာကွယ်ရေး လေ့လာသုံးသပ်သူ ၂ ယောက်က ပြောပါတယ်။
အင်္ဂါနေ့က လေယာဉ်ပျက်ကျမှုဟာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း တူရကီရဲ့ အသေအပျောက် အများဆုံး စစ်ရေးဖြစ်ရပ် ဖြစ်ပါတယ်။
Source: Reuters


