
ကင်ညာနိုင်ငံမှာ အောက်တိုဘာ ၂၈ ရက်က အပေါ့စားလေယာဉ်တစင်း ပျက်ကျခဲ့လို့ ဟန်ဂေရီနိုင်ငံသား ခရီးသွား ၈ ယောက်၊ ဂျာမန်ခရီးသွား ၂ ယောက်နဲ့ ကင်ညာလေယာဉ်မှူး တယောက် သေဆုံးခဲ့ပါတယ်။
လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းမှာရှိတဲ့ ဒိုင်ယာနီ အပန်းဖြေမြို့ကနေ ကင်ညာနိုင်ငံ မာဆိုင်းမာရာ ဘေးမဲ့တောဆီ ပျံသန်းနေတုန်း ဒေသစံတော်ချိန် မနက် ၈ နာရီခွဲလောက်မှာ ပျက်ကျခဲ့တယ်လို့ လေကြောင်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။
ကင်ညာနိုင်ငံ အရှေ့တောင်ပိုင်းက ကွာလီမြို့နယ်မှာရှိတဲ့ သစ်တောဧရိယာတခုထဲမှာ ပျက်ကျခဲ့တဲ့ လေယာဉ်အပျက်အစီးတွေကနေ မီးခိုးတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အားလပ်ရက် ခရီးသည်တွေရဲ့ အဝတ်အစားတွေလည်း မြေပြင်နဲ့ အနားက သစ်ပင်တွေပေါ်မှာ ပြန့်ကျဲနေခဲ့ပါတယ်။
ဖြစ်ပျက်ခဲ့တဲ့ အခြေအနေကို သိဖို့ စုံစမ်းစစ်ဆေးသူတွေကို စေလွှတ်ထားတယ်လို့ ကင်ညာအစိုးရက ပြောခဲ့ပါတယ်။
လေယာဉ်ပေါ်မှာ ပါသူတွေရဲ့ အချက်အလက်အားလုံးကို လုံလုံလောက်လောက် စုဆောင်းပြီး အတည်ပြုပြီးတာနဲ့ သင့်လျော်သလို ဆောင်ရွက်သွားမယ်လို့ အခင်းဖြစ်ပွားရာနေရာဆီ သွားခဲ့တဲ့ ကင်ညာနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားရေးရာဌာန အမြဲတမ်းအတွင်းဝန်က ပြောခဲ့ပါတယ်။
မွန်ဘာဆာ အဲ ဆာဖာရီ လေကြောင်းလိုင်းကလည်း စုံစမ်းစစ်ဆေးမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါတယ်။
Source: Reuters


