
ကင်ညာနိုင်ငံ နာကူရူကောင်တီမှ နိုက်ဗာရှာမြို့မှာ သြဂုတ် ၇ ရက်က မီးရထားတစီးနဲ့ ဝန်ထမ်းဘတ်စ်ကား တစီးတို့ မီးရထားလမ်းဆုံမှာ တိုက်မိခဲ့ရာ အနည်းဆုံး လူ ၄ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ် ဝန်ထမ်းတွေက ပြောကြားခဲ့ပါတယ်။
ကင်ညာပိုက်လိုင်းကုမ္ပဏီU မောင်းနှင်တဲ့ ဘတ်စ်ကားဟာ အဲဒီနယ်မြေမှာ မနက်ပိုင်း လေ့ကျင့်ရေး သင်တန်းပြီးသွားတဲ့ ဝန်ထမ်းတွေကို တင်ဆောင်လာတာပါ။
အခင်းဖြစ်ပွားရာနေရာမှ ဗီဒီယိုဖိုင်ထဲမှာတော့ အတော်ကြီး ပျက်စီးနေတဲ့ ဘတ်စ်ကားပေါ်မှ ရုပ်အလောင်းတွေကို အရေးပေါ်ဝန်ထမ်းတွေက ဆွဲထုတ်နေကြပြီး အနီးနားမှာလည်း ရဲတပ်ဖွဲ့ဝင် တွေနဲ့ ရပ်ကြည့်နေသူတွေ စုဝေးနေကြပါတယ်။
အပျက်အစီးတွေထဲကနေ ရုပ်အလောင်း ၄ လောင်းကို ဆယ်ယူရရှိထားကြောင်း အခင်းဖြစ်ပွားရာ နေရာရှိ ကင်ညာကြက်ခြေနီဝန်ထမ်း တယောက်က ရိုက်တာကို ပြောပါတယ်။
အသေအပျောက် အရေအတွက်ကို ကုမ္ပဏီက အတည်မပြုထားပါဘူး။ ဒေသတွင်းမီဒီယာတွေ မှာတော့ လူ ၆ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲမှူး တယောက်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။
ယာဉ်တိုက်မှု ဖြစ်ချိန်မှာ ဘတ်စ်ကားမှာ လူအပြည့်ပဲလို့ မျက်မြင် တယောက်က ပြောပါတယ်။
ဘတ်စ်ကားက ကင်ညာပိုက်လိုင်း ကုမ္ပဏီမှ ဝန်ထမ်းအများအပြားကို တင်ဆောင်လာတာကြောင့် ဒဏ်ရာရသူတွေ များပြီး လူနာတင်ယာဉ်နဲ့ သယ်လာတဲ့သူတွေလည်း များတယ်လို့ ဆိုပါတယ်။
“ယာဉ်မောင်းဘက်ခြမ်း (ညာဘက်) မှာ ထိုင်တဲ့သူတွေ အများစုက အသက်ဆုံးရှုံးကြပြီး တခြားဖက်မှာ ထိုင်တဲ့သူတွေ အများစုက အသက်ရှင် ကျန်ရစ်တယ်။ ဒါပေမဲ့ လူအတော်များများ သေဆုံးသွားကြတယ်” လို့ မျက်မြင်က ပြောပါတယ်။
Source:Reuters