
ကင်ညာနိုင်ငံ မြို့တော်ရှိ လူနေထူထပ်တဲ့ ရပ်ကွက်တခုထဲကို ကျန်းမာရေးဝန်ထမ်းတွေ လိုက်ပါလာတဲ့ လေယာဉ်ငယ်တစီး ဇူလိုင် ၇ ရက် မွန်းလွဲပိုင်းက ပျက်ကျခဲ့တာကြောင့် လူ ၆ ယောက် သေဆုံးသွားကြောင်း ဒေသအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
အာဖရိက ဆေးသုတေသနဖောင်ဒေးရှင်း (AMREF) အဖွဲ့အစည်းက ဦးစီးတဲ့ ဆက်စ်နာ လေယာဉ်ငယ်ဟာ ဆိုမာလီယာရဲ့ ခွဲထွက်နယ်မြေဖြစ်တဲ့ ဆိုမာလီလန်းဒ်ရဲ့ မြို့တော် ဟားဂီဇာကို မောင်းနှင်ပျံသန်းနေတုန်း ပျက်ကျခဲ့တာဖြစ်ကြောင်း ပရဟိတအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လေယာဉ်ဟာ မွန်းလွဲ ၂ နာရီ ၁၄ မိနစ်မှာ ဝီလ်ဆင်လေဆိပ်မှ ပျံတက်သွားပြီးနောက် ၃ မိနစ်အကြာမှာ လေကြောင်းထိန်းချုပ်ရေးနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း ကင်ညာမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့က ပြောပါတယ်။
ဒါကြောင့် လေယာဉ်မှူး အပါအဝင် လေယာဉ်ပေါ်ပါ လူ ၄ ယောက်စလုံးနဲ့ မြေပြင်ပေါ်ရှိ လူ ၂ ယောက် သေဆုံးခဲ့ကြောင်း ကီယမ်ဘူကောင်တီ ကော်မရှင်နာ ဟန်နရီ ဝါဖှူလာက ပြောဆိုပါတယ်။
“အဲဒီလေယာဉ်ငယ်ဟာ လူနာတွေကို ကယ်ထုတ်ပြီး ဆိုမာလီယာကို ပို့ဆောင်ပေးဖို့အတွက် AMREF အဖွဲ့အစည်းက အားကိုးတကြီး အကူအညီ တောင်းခံခဲ့တာကြောင့် ကင်ညာနယ်စပ်ကို ဦးတည်သွားနေတာဖြစ်တယ်” လို့လည်း ဆိုပါတယ်။
လေယာဉ်ပျက်ကျခဲ့တဲ့ နေအိမ်ထဲကလူတွေလည်း ပြင်းထန်တဲ့ဒဏ်ရာတွေ ရခဲ့ကြကြောင်း ကီယမ်ဘူကောင်တီ ကော်မရှင်နာ ဟန်နရီ ဝါဖှူလာက ပြောပါတယ်။
မျက်မြင်သက်သေတယောက်ကတော့ ကျယ်လောင်တဲ့အသံကို ကြားလိုက်ရပြီးနောက် ရပ်ကွက်အပေါ်မှာ မီးခိုးငွေ့တွေ ထွက်နေတာကို မြင်ခဲ့ရကြောင်း ပြောပါတယ်။
အာဖရိကအရှေ့ပိုင်းမှာ အပေါ့စားလေယာဉ်တွေ ပါ၀င်တဲ့ လေယာဉ်ပျက်ကျမှုတွေ အဖြစ်များပါတယ်။
မနှစ် ဧပြီလတုန်းကလည်း စစ်ရဟတ်ယာဉ် ပျံတက်ပြီး မကြာခင်မှာ ပျက်ကျခဲ့လို့ သေဆုံးသူ ၁၀ ယောက်ထဲမှာ ကင်ညာ စစ်ဘက်အကြီးအကဲလည်း ပါဝင်ခဲ့ပါတယ်။
Source: Reuters