
ဂျပန်နိုင်ငံ၊ အိုဆာကာစီရင်စုရှိ ဟီဂါးရှိ-အိုဆာကာမြို့မှာ ဒီဇင်ဘာ ၂၃ ရက်က ဟီရာ့အိုကာ နတ်ကွန်းမှာ အိုဝါးရားအိရှင်းဂျိ ရိုးရာဓလေ့ပွဲတော်ကို ဒေသခံတွေနဲ့ ဂျပန်နိုင်ငံကို လာရောက်ကြတဲ့ ဧည့်သည်တွေ ဝင်ရောက်ဆင်နွှဲခဲ့ပြီး အပြုသဘောဆောင်တဲ့ အတွေးအမြင်နဲ့ မျှော်လင့်ချက်တွေကို ယူဆောင်လာတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အဆက်မပြတ် ရယ်မောဆုတောင်းခဲ့ကြပါတယ်။
ဂျပန်ဒဏ္ဍာရီပုံပြင်တပုဒ်ကို အခြေခံထားတဲ့ ဒီရှားရှားပါးပါး သန့်စင်ခြင်းပွဲတော်ဟာ မိနစ် ၂၀ လောက် အဆက်မပြတ် ရယ်မောနေတဲ့ လူအုပ်ကြီးကို မြင်တွေ့ရပါတယ်။
အဲဒီပုံပြင်ထဲမှာ နေနတ်ဘုရားမ အာမာတဲရာဆုဟာ သူ့အစ်ကို လေမုန်တိုင်းနတ်ရဲ့ အပြုအမူဆိုးတွေကြောင့် ဂူထဲဝင်ပြီး ပိတ်နေလိုက်တာကြောင့် ကမ္ဘာကြီး အမှောင်ကျသွားရပြီး နောက်တော့ နတ်ဘုရားတွေရဲ့ ရယ်မောသံကြောင့် စူးစမ်းလိုစိတ်နဲ့ ဂူထဲကနေ အပြင်ထွက်လာတော့ ကမ္ဘာကြီး အလင်းရောင်ပြန်ရသွားတာ ဖြစ်ပါတယ်။
ဒီပုံပြင်ကို အခြေခံပြီး “အိုဝါးရားအိ ရှင်းဂျိ” ပွဲတော်ဟာ ဆောင်းရာသီမှာ နေရောင်ဆီကို ရယ်မောသံတွေကို ပေးပို့ပြီး ပျော်ရွှင်မှုနဲ့ ပိုမိုကောင်းမွန်တဲ့ နေ့ရက်တွေအတွက် ဆုတောင်းကြပါတယ်။
ဒီပွဲတော်ဟာ ဟာသလုပ်နေတဲ့သဘောထက် စည်းကမ်းနဲ့ စည်းလုံးမှုအကြောင်းကို ပိုပြောဆိုကြတာဖြစ်ပြီး ခန္ဓာကိုယ်မသက်မသာဖြစ်မှုတွေ ဒါမှမဟုတ် ရှက်ရွံ့မှုဖြစ်တာတွေကို အရေးတယူ ပြုမနေဘဲ ပါဝင်သူတွေ ရယ်မောနေဖို့သာ လိုအပ်ပါတယ်လို့ အခမ်းအနားစီစဉ်သူက ပြောပါတယ်။
ပွဲတော်ကာလ တိုးတက်လာတာနဲ့အမျှ ကြာရှည်စွာ ရယ်မောခြင်းဟာ အတင်း ရယ်မောခြင်းကနေ စစ်မှန်တဲ့ ပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွားပါတယ်။
ပွဲတွေကို တနေ့လုံး ကျင်းပပြီး ပါဝင်သူတွေ ပရိသတ်ရှေ့မှာ ယှဉ်ပြိုင်ရတဲ့ ရယ်မောပြိုင်ပွဲလည်း ပါဝင်ပါတယ်။ ဒီပွဲတော်ဟာ ဒီနှစ်မှာ ပါဝင်သူ ၃,၅၀၀ လောက်ကို ဆွဲဆောင်နိုင်ခဲ့ပြီး လူကြိုက်များမှုလည်း တိုးပွားလာနေကာ ဂျပန်တဝန်းက ဧည့်သည်တွေကို ဆွဲဆောင်နေပါတယ်။


