
အာဆင်နယ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး လိဂ်ဖလား ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။
အာဆင်နယ်ဟာ ပထမပိုင်းမှာ ပဲလေ့စ်အသင်းကို ထိန်းချုပ်ကစားနိုင်ခဲ့ပေမဲ့ ရရှိခဲ့တဲ့ ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့တာကြောင့် ဦးဆောင်ဂိုး စောစောစီးစီး မရခဲ့တာပါ။
ဒုတိယပိုင်း မိနစ် ၈၀ ရောက်မှ ပြိုင်ဘက်နောက်ခံလူရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုနဲ့ ဦးဆောင်ဂိုးရခဲ့ပြီး ပွဲပြီးခါနီး ၉၅ မိနစ်မှာ ဂေဟီက ချေပဂိုးသွင်းခဲ့လို့ တဂိုးစီသရေ ဖြစ်သွားခဲ့တာပါ။
လိဂ်ဖလားရဲ့ အစဉ်အလာအတိုင်း အချိန်ပိုမကစားတော့ဘဲ ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရာမှာ အာဆင်နယ်က ကစားသမား ၈ ယောက်စလုံး ဂိုးဝင်ခဲ့ပြီး ပဲလေ့စ်ဘက်က ၇ ယောက်ပဲ ဂိုးဝင်ခဲ့တာကြောင့် ၈ ဂိုး ၇ ဂိုးနဲ့ အာဆင်နယ်အသင်း ဆီမီးဖိုင်နယ် တက်ခဲ့တာပါ။
လိဂ်ဖလား ဆီမီးဖိုင်နယ်မှာ အာဆင်နယ်က ချဲလ်ဆီးနဲ့ ဇန်နဝါရီ ၁၅ ရက်မှာ ပထမအကျော့အဖြစ် စတင်ရင်ဆိုင်ရမှာဖြစ်ပြီး မန်စီးတီးနဲ့ နယူးကာဆယ်တို့က ဇန်နဝါရီ ၁၄ ရက်မှာ ပထမအကျော့ စတင်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။


