
ဒီဇင်ဘာ ၁၈ ရက် ဒီနေ့မနက်က ကစားခဲ့တဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ မန်စီးတီးက ဘရန့်ဖိုဒ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ဆီမီးဖိုင်နယ်တက်ခဲ့သလို နယူးကာဆယ်အသင်းကလည်း ဖူဟမ်ကို လူငယ်ကြယ်ပွင့် လူးဝစ်မိုင်လီရဲ့ ပွဲပြီးခါနီးသွင်းဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။
ဒါကြောင့် လိဂ်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ လက်ရှိ ချန်ပီယံ နယူးကာဆယ်နဲ့ မန်စီးတီးတို့ တွေ့ဆုံ ယှဉ်ပြိုင်ကစားရမှာပါ။
နောက်ထပ် ဆီမီးဖိုင်နယ်ပွဲစဉ်ကတော့ ကာဒစ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူကျော်ဖြတ်ခဲ့တဲ့ ချဲလ်ဆီးက အာဆင်နယ်နဲ့ ခရစ္စတယ်ပဲလေ့ ပွဲစဉ်မှာ အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
လက်ကျန် ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အာဆင်နယ်က ခရစ္စတယ်ပဲလေ့နဲ့ ဒီဇင်ဘာ ၂၄ ရက်မှာ ယှဉ်ပြိုင်သွားရမှာပါ။
ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို လာမဲ့ ဇန်နဝါရီ ၁၂ ရက်နဲ့ ဖေဖော်ဝါရီ ၂ ရက်တွေမှာ အိမ်ကွင်း အဝေးကွင်း ၂ ကျော့ကစားသွားရမှာ ဖြစ်ပါတယ်။


