
ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက်၊ ကြက်မောက် ၁ လမ်း ကျူးကျော်နေအိမ် တအိမ်မှာ ဒီဇင်ဘာ ၂၂ ရက် ညနေ ၄ နာရီက ဗုံးပေါက်ပြီး လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ကျူးကျော်တဲမှာ နေထိုင်သူ ၂ ယောက်ဟာ ဆိုင်ကယ် ကယ်ရီမောင်း အမှိုက်ကောက်ကြသူတွေ ဖြစ်ပြီး အမှိုက်ကောက်ရာက ပါလာတဲ့ ၄၀ မမ ဗုံးသီးတွေကို ကြေးခွာယူဖို့ တူနဲ့ထုရိုက်ရာက ထပေါက်ပြီး သေဆုံးခဲ့တာလို့ ရပ်ကွက်သူတယောက်က DVB ကို ပြောပါတယ်။
“စစ်တပ်လော်ဘီတွေ ဝါဒဖြန့်သလို သေတဲ့သူတွေက PDF တွေ မဟုတ်ဘူး။ တယောက်က ကယ်ရီဆွဲတယ်၊ တယောက်က အမှိုက်ကောက်တယ်၊ အမှိုက်ကောက်ရင်း ပါလာတဲ့ ၄၀ မမ ဗုံးသီးက ကြေးတွေခွာယူဖို့ တူနဲ့ရိုက်တဲ့အချိန် ထပေါက်ပြီး သေတာ။”
သေဆုံးသူ ၂ ယောက်မှာ အသက် ၃၀ အရွယ် ဆိုင်ကယ် ကယ်ရီမောင်းသူ ကိုဖိုးဇော်နဲ့ အသက် ၁၇ နှစ်အရွယ် မောင်ညီညီစိုးတို့ ဖြစ်ပြီး ရုပ်အလောင်းတွေကို စစ်တပ်က လူနာတင်ယာဥ်နဲ့ သယ်ယူသွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။
“သူတို့ ၂ ယောက် အမှိုက်ကောက်ရင်း ၄၀ မမ ဗုံးသီး ၈ လုံး ကောက်ရတယ်။ ဘယ်ကရလဲတော့ မသိဘူး။ အဲဒါကို နားမလည်တော့ ကြေးတွေခွာယူဖို့ လုပ်နေတယ်။ တူနဲ့ထုရိုက်လို့ ထပေါက်တာပါ။ ပြီးတော့ အခင်းဖြစ်တဲ့နေရာမှာ ရွှံ့တွေပေနေတဲ့ ၄၀ မမ ဗုံးသီးတွေလည်း တွေ့တယ်။”
လတ်တလောမှာ ဗုံးပေါက်ကွဲပြီး သေဆုံးခဲ့သူ ၂ ယောက်ရဲ့ အိမ်မှာ လက်ကျန်ဗုံးရှိ၊ မရှိ စစ်ကောင်စီတပ်နဲ့ ရဲတွေက စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်ကလည်း နောင်ချိုဆေးရုံကြီးမှာ သန့်ရှင်းရေးသွားလုပ်ပြီး ၄၀-မမ ဗုံးသီးတွေ နေအိမ်ကိုယူခဲ့တဲ့ ချမ်းအေးသာစံမြို့နယ်က စည်ပင်ဝန်ထမ်းမိသားစုလည်း ဗုံးပေါက်ပြီး သေဆုံးဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်လည်းရှိပါတယ်။


