
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ နတ်ရေတွင်းစာသင်တိုက်အနီးရှိ ကျူးကျော် နေအိမ်တွေကို အောက်တိုဘာ ၁၅ ရက်က လာရောက်ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီ ပူးပေါင်းအဖွဲ့ကို မှတ်တမ်းဓာတ်ပုံရိုက်ခဲ့တဲ့ မဘသ ဆရာတော်တပါး ဖမ်းဆီးခံခဲ့ရကြောင်း မျိုးချစ်သမဂ္ဂသံဃာတော်တွေဆီက သိရပါတယ်။
မော်လမြိုင်ဘူတာကြီးအနီးရှိ လူနေအိမ် အလုံး ၂၀ ကျော်ကို ကျူးကျော်နေအိမ်လို့ ဆိုကာ စစ်ကောင်စီလက်အောက်ခံ ရဲ၊ စည်ပင်၊ ပြည်သူ့စစ်အဖွဲ့နဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပူးပေါင်းအဖွဲ့မှ အောက်တိုဘာ ၁၅ ရက် မနက် ၅ နာရီအချိန်ခန့်က ဝင်ရောက်ဖျက်ဆီးခဲ့ကြတာပါ။
နေအိမ်တွေ ဖျက်ဆီးနေမှုကို နတ်ရေတွင်းစာသင်တိုက်မှ ဆရာတော်တပါးက ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးနေချိန် ခရိုင်အုပ်ချုပ်ရေးမှူးက ချက်ချင်းလက်ထိတ်ခတ်ဖမ်းဆီးဖို့ အမိန့်ပေးခဲ့တဲ့အပေါ် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မျိုးချစ်သမဂ္ဂအဖွဲ့ဆရာတော် အရှင်သုစိတ္တက သူ့ရဲ့လူမှုကွန်ရက် Tiktok အကောင့်ကနေ ထုတ်ဖော်ပြောဆိုထားပါတယ်။
“မှတ်တမ်းရိုက်လိုက်တဲ့ ဆရာတော်ကလည်း သာမန်ဆရာတော် မဟုတ်ဘူး။ အမျိုးသားရေးဆရာတော် တပါးပါ။ ဒါကို အာဏာသုံးပြီး ဖမ်းချုပ် လက်ထိတ်ခတ်တဲ့အပြင် ဖုန်းကို နေပြည်တော် ပို့လိုက်ဆိုတော့ ဆရာတော်က နိုင်ငံတော်ကို ဘာတွေ နှောင့်ယှက်နေလို့လဲ။ အခုလို ခရိုင်မှူးရဲ့ လုပ်ရပ်က နိုင်ငံတော်လူကြီးတွေကို ခေါင်းကျိန်းစေတယ်။"
နတ်ရေတွင်းစာသင်တိုက် ဆရာတော်ကို ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ဝတ်ဆင်ထားတဲ့ ယူနီဖောင်းအပေါ် အများကြီးသစ္စာစောင့်သိကြဖို့ ပြောဆိုထားပါတယ်။
အခု ဖမ်းဆီးခံရတဲ့ ဆရာတော်ဟာ နတ်ရေတွင်းစာသင်တိုက် ကျောင်းထိုင်ဆရာတော်ဖြစ်ပြီး စစ်တပ် ထောက်ခံ ဆရာတော်တပါးလို့ လူသိများနေတာပါ။
ဒါ့အပြင် ဆရာတော်ကို ကျောင်းတိုက်အတွင်း ဖမ်းဆီးချုပ်နှောင်ထားကာ စစ်ဆေးနေတဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ အင်အား ၅၀ ယောက်ထက်မနည်း ကျောင်းတိုက်မှာ တပ်စွဲထားကြောင်း မြို့ခံတွေဆီက သိရပါတယ်။
မဘသမျိုးချစ်ဆရာတော် ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့တွေကို အမျိုးသားရေးလှုပ်ရှားနေတဲ့ ဆရာတော်တွေက လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။
အခုနှစ်ဇန်နဝါရီလ နောက်ဆုံးပတ်ကလည်း မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်နဲ့ သာယာအေးရပ်ကွက်ရှိ နေအိမ် ၅၀၀ ခန့်ကို ကျူးကျော်ဟုဆိုကာ ပြည်နယ် နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့် အမိန့်နဲ့ စစ်ကောင်စီတပ်က အတင်းအဓမ္မ ဖယ်ရှားခဲ့ပါတယ်။