Home
မြန်မာသတင်း
မော်လမြိုင်တွင် ရပ်နားထားသည့် အပျော်စီးသင်္ဘော ၁ စင်း နစ်မြုပ်
DVB
·
July 21, 2025
Photo: ရာမည

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ထားဝယ်တံတားဆိပ်ကမ်းမှာ ရပ်နားထားတဲ့ Harmony River Cruise အပျော်စီးသင်္ဘော ဇူလိုင် ၂၁ ရက် ဒီမနက်ပိုင်းက နစ်မြုပ်သွားခဲ့ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနက သိရပါတယ်။

မော်လမြိုင်မြို့မှာ ဒီနေ့မနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်ခဲ့​တာကြောင့် ကမ်းနားမှာရပ်နားထားတဲ့ Harmony River Cruise အပျော်စီးသင်္ဘောမှာ သင်္ဘောဝမ်းဗိုက်နဲ့ ဆိပ်ကမ်းဘောတံတားတို့ တိုက်မိရာက ဆွေးနေတဲ့ သင်္ဘောဝမ်းဗိုက် ပေါက်ကာ နစ်မြုပ်ခဲ့တာဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“သင်္ဘောကတော့ ရေကြောင်းဌာနပိုင် ‘ထီးလှိုင်ရှင်’ သင်္ဘောပါ။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကစပြီး ပုဂ္ဂလိကကုမ္ပဏီတခုကို လုပ်ကိုင်ခွင့်ပေးထားလို့ Harmony River Cruise အပျော်စီးသင်္ဘောအဖြစ် ပြေးဆွဲနေတာပါ။ လက်ရှိ မိုးရာသီကာလဖြစ်နေလို့ လုပ်ငန်းတွေ ရပ်နားထားတာပါ။”

အဲဒီ နစ်မြုပ်သွားတဲ့ Harmony River Cruise (ထီးလှိုင်ရှင်) အပျော်စီးသင်္ဘောမှာ ဇူလိုင် ၂၁ ရက် မနက် ၁ နာရီဝန်းကျင်က လေပြင်းတိုက်ခတ်မှုကြောင့် သင်္ဘော‌ကပ်ချည်ထားတဲ့ ဘောယာမှတဆင့် သင်္ဘောကိုယ်ထည်အောက်ပိုင်းကို ပွတ်တိုက်မိကာ မနက် ၄ နာရီဝန်းကျင်မှာ သင်္ဘောကိုယ်ထည် တခြမ်းစောင်းလာပြီး မနက် ၉ နာရီခန့်မှာ နစ်မြုပ်သွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

သင်္ဘောနစ်မြုပ်မှုကြောင့် လူထိခိုက်သေဆုံးမှု မရှိကြောင်းနဲ့ နစ်မြုပ်ရာနေရာကို စစ်ကောင်စီခန့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပို့ဆောင်ရေးဝန်ကြီး လာရောက်ကြည့်ရှုခဲ့ပြီး အမြန်ဆုံး ပြန်လည်ဆယ်ယူဖို့ မှာကြားခဲ့ကြောင်း တံတားအနီးနေထိုင်သူတွေထံက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013