
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စျေးကြီး တောင်ပိုင်းရပ်ကွက်၊ မာဓိလမ်းသွယ် အမှတ် A ၅၈ တိုက်ခန်း DKBA ဗိုလ်မှူးကြီးစောသိန်းနိုင် ပိုင်ဆိုင်တဲ့ တိုက်ခန်းအတွင်းမှ WY စိတ်ကြွဆေးပြားတွေနဲ့အတူ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ R တံဆိပ် အမှတ်သားပါ ပုံစံခွက် မိုတွေနဲ့အတူ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးခံရကြောင်း DKBA တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ မူးယစ်အထူးစုံစမ်းရေးအဖွဲ့က ဝင်ရောက်ဖမ်းဆီးတာဖြစ်ပြီး WY စာတန်းပါ စိတ်ကြွဆေးပြား အမြောက်အမြားကို သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။
DKBA တပ်ဖွဲ့နဲ့ နီးစပ်သူက “မေလ ၁၇ ရက်နေ့ မနက် ၁၁ နာရီကျော်လောက်က ဝင်ဖမ်းတာပါ။ မူးယစ်အထူးတပ်ဖွဲ့ကလို့ သိရတယ်။ ဆာလာအိတ်တွေနဲ့ ထည့်ထားပြီး ၂၅ ကီလိုပါ ဆာလာအိတ် အလုံး ၂၀၊ ဆေးပြားပြုလုပ်ရာမှာ အသုံးပြုတဲ့ မို အစုံ ၇၀ နဲ့ ဆေးထုပ်ပိုးရာမှာ အသုံးပြုတဲ့ အိတ်ငယ်လေးတွေကို ဖမ်းဆီးသွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဗဟိုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ကလည်း WY စိတ်ကြွဆေးပြားတွေနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိတဲ့ အခြေအနေနဲ့ ကွင်းဆက်တရားခံတွေ ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။