Home
မြန်မာသတင်း
အယုဒ္ဓယတွင် မြန်မာနယ်စပ်မှလာသည့် ပြောင်းဖူးတင်ကားပေါ်မှ  စိတ်ကြွဆေး ၅ သန်း ဖမ်းမိ 
DVB
·
March 3, 2025

ထိုင်းအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်ထဲမှာ ဖေဖော်ဝါရီ ၂ ရက်က နယ်စပ်ကနေသယ်ဆောင်လာတဲ့ ပြောင်းဖူးတင်ကားကြီး တစီးပေါ်ကနေ စိတ်ကြွဆေးပြား ၅ သန်း ဖမ်းဆီးရမိတယ်လို့  Maesaipress ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မနေ့ မနက် ၁၀ နာရီနဲ့ မွန်းလွဲ ၁ နာရီခွဲကြားမှာ ချင်းမိုင်ခရိုင် မူးယစ်ဆေးဝါးတားဆီး တိုက်ဖျက်ရေးရဲတပ်ဖွဲ့ မှ  မသင်္ကာဖွယ် ၆ ဘီးတပ် ကုန်တင်ကားကြီးတစီးနောက် နောက်ယောင်ခံလိုက်ခဲ့တယ်၊ အဆိုပါကားဟာ ချင်းမိုင်ခရိုင် မြန်မာနယ်စပ် ချင်းဒေါင်းမြို့နယ်ဘက်ကနေ ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ဝင်ရောက်ပြီး အယုဒ္ဓယခရိုင် ဘန်ပဟန်မြို့ရှိ ဓာတ်ဆိုင်ဆိုင်တဆိုင်ရှေ့မှာ ရပ်နားစဉ် တာဝန်ရှိသူတွေက စစ်ဆေးခဲ့တယ်၊  ပြောင်းဖူးတွေကြားထဲ သိုဝှက်ထည့်လာတဲ့ မြွေရေခွံအိတ် ၂၅ အိတ်ထဲကနေ စိတ်ကြွဆေးပြား စုစုပေါင်း ၅,၀၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ယာဉ်မောင်းမှာ ချင်းမိုင်ခရိုင် မဲ့တိုင်မြို့နယ်က အသက် ၃၃ နှစ်ရွယ် နိုင်းနရစ်ဖြစ်ပြီး သူ့ကို ဆက်လက်စစ်ကြောမေးမြန်းရာကနေ  ဆက်စပ်မှုရှိတဲ့ နောက်ထပ် အမျိုးသမီး တယောက်နဲ့ လူငယ် ၄ ယောက်တို့ကို ဖမ်းမိတယ်၊ အသက် ၃၀ နှစ်ရွယ် နန်းဆောင်မွေကို အယုဒ္ဓယခရိုင် ဥထိုင်းမြို့မှာလည်းကောင်း၊  ပထုန်ဌာနီခရိုင် ခလောင်းလုံမြို့ထဲကနေ အသက် ၁၆ နှစ်နဲ့ ၂၂ နှစ်ကြားရှိ လူငယ် ၄ ယောက်ကို ကား ၄ စီးနဲ့တကွလည်းကောင်း ဖမ်းဆီးရမိခဲ့တယ်။ သူတို့တွေဟာ TG 999 အမည်ရှိ  ဆိုးသွမ်းလူငယ်အဖွဲ့ကလို့ ဆိုပါတယ်။

နိုင်းနရစ်နဲ့ နန်းဆောင်မွေတို့ဟာ  ၂၀၂၄ ဒီဇင်ဘာလတွင်း လူ ၃ ယောက်  နယ်စပ်ကနေ ချင်းဒေါင်းထိ သယ်ဆောင်လာတဲ့ စိတ်ကြွဆေး  ၈ သိန်း၊ အိုက်စ် ၃၈၀ ကီလိုနဲ့ ခေတာမင် ၂၆၅ ကီလို ဖမ်းဆီးရမိတဲ့အဖွဲ့နဲ့လည်း ဆက်စပ်မှုရှိနေတယ်လို့  တာဝန်ရှိသူကပြောကြောင်း သတင်းမှာ ဖော်ပြပါတယ်။

အဲဒီနေ့တရက်တည်းမှာပဲ ချင်းရိုင်းခရိုင် ဝိန်းကဲန်မြို့နယ်ထဲမှာ မူးယစ်ဆေးသယ်ဆောင်အဖွဲ့နဲ့ ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုဖြစ်ပွါးပြီး စိတ်ကြွဆေးပြား ၄၀၀, ၀၀၀ သိမ်းဆည်းရမိခဲ့ပါတယ်။ 

ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ နယ်စပ်တလျှောက် ကင်းလှည့်စစ်ဆေးစဉ် လုမ့်ဖိုးထိကျေးရွာအနီး တောထဲမှာ လူ ၄-၅ ယောက် ဝင်လာတာတွေ့တယ်၊ မသင်္ကာလို့ စစ်ဆေးဖို့ ရပ်မိန့်ပေးလိုက်စဉ် တဘက်က သေနတ်နဲ့ စတင်ပစ်ခတ်လို့ နှစ်ဘက် ၅ မိနစ်ခန့် အပြန်အလှန် ပစ်ခဲ့တယ်၊ အသံတွေ ငြိမ်သွားလို့ ထိုင်းစစ်တပ်က နယ်မြေသွားရောက်ရှင်းလင်းရာမှာ ကျောပိုးအိတ်တလုံးတွေ့ရှိပြီး အထဲမှာ စိတ်ကြွဆေးပြား စုစုပေါင်း ၄၀၀,၀၀၀ ကို သိမ်းဆည်းရမိတာလို့ တာဝန်ရှိသူက ပြောသွားပါတယ်။ 

Source: Maesaipress

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013