Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်တွင် တနေ့တည်း စိတ်ကြွမူးယစ်ဆေးပြား ၃၇ သိန်းကျော် ဖမ်းဆီးရမိ 
DVB
·
February 25, 2025

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်း နဲ့ ချင်းမိုင် ခရိုင်ထဲမှာ ဖေဖော်ဝါရီ ၂၄ ရက် တနေ့တည်းတင် စိတ်ကြွမူးယစ်ဆေးပြား ၃, ၇၂၈,၀၀၀ နဲ့ ဟီးရိုးအင်း ၃ ဒဿမ ၆ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ချင်းရိုင်းခရိုင် မယ်ဖာ့လုန်မြို့နယ် ဘန့်ပါဆန်းဆုန်အုပ်စုထဲမှာ ဖေဖော်ဝါရီ ၂၃ ရက်ညက မူးယစ်ဆေးသယ်ဆောင်အဖွဲ့နဲ့ ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက် မနက်မိုးလင်းတော့ ထပ်ကျောက်တာ့ခ် စစ်ကြောင်းမှူး၊ နယ်မြေခံရဲတပ်ဖွဲ့ နဲ့ အုပ်ချုပ်ရေး ပိုင်းက တာဝန်ရှိသူတွေ အခင်းဖြစ်တဲ့နေရာ သွားရောက်စစ်ဆေးစဉ် ပြန့်ကြဲနေတဲ့ ကျောပိုးအိတ် အသွင်ပြောင်း ဆာလာအိတ် ၁၅ လုံးကို တွေ့ရှိပြီး အိတ် ၁ လုံးလျှင် စိတ်ကြွဆေး ၂ သိန်းစီ ပါတာကြောင့် စုစုပေါင်း ၃ သန်း ဖမ်းဆီးရမိခဲ့တာလို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

အဲဒီနေ့ မနက် ၄ နာရီခွဲလောက်ကလည်း ချင်းမိုင်ခရိုင် ဖန်မြို့နယ် မွမ့်ပင်ကျေးရွာအုပ်စုထဲမှာ နယ်ခြားစောင့်တပ်က လုံခြုံရေးကင်းလှည့်နေစဉ် ဟိုလွန့်တောင်ဘက်ကနေ မသင်္ကာဘွယ် လူ ၆- ၇ ဦးခန့် အထုပ်တွေထမ်းပြီး ဝင်လာတာ တွေ့ရတယ်။ တာဝန်ရှိသူတွေက စစ်ဆေးဖို့ ရပ်မိန့်ပေးလိုက်စဉ် တဘက်က ရပ်မပေးဘဲ သေနတ်နဲ့ အရင်စပစ်တယ်။ ဒါကြောင့် နှစ်ဘက်ဟာ အချိန် ၁၀ မိနစ်ခန့်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်။ ထိုင်းစစ်တပ်ဘက်က အဲဒီနေရာတဝိုက် နှစ်ဖွဲ့ခွဲပြီး ထိန်းချုပ်ထားတယ်။ မိုးလင်းမှ သက်ဆိုင်ရာ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးတာမှာ ကျောပိုးအိတ်အသွင်ပြောင်း ဆာလာအိတ် ၆ အိတ်တွေ့ပြီး အထဲမှာ စိတ်ကြွဆေးပြား စုစုပေါင်း ၇၂၈ , ၀၀၀ နဲ့ ဟီးရိုးအင်း ၃ ဒသမ ၆ ကီလိုဂရမ် ဖမ်းမိတာလို့ ဆိုပါတယ်။ 

ထိုင်းမြောက်ပိုင်း မြန်မာနယ်စပ်တလျှောက်မှာ ၂၀၂၄ ခုနှစ် အောက်တိုဘာကစ ဒီကနေ့ထိ မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု အကြိမ်ပေါင်း ၁၅၉ ကြိမ် ရှိခဲ့ပြီး တရားခံ ၁၇၀ ယောက် ဖမ်းမိခဲ့တယ်၊ အဲဒီကနေ စိတ်ကြွဆေးပြား စုစုပေါင်း ၆၇,၄၄၆,၈၅၇ ပြား၊ ဘိန်းဖြူ ၁၄၃ ကီလိုဂရမ်၊ အိုက်စ်မူးယစ်ဆေး ၅၃၀၁ ကီလိုဂရမ်၊ ဘိန်းစိမ်း ၁ ဒသမ ၂ ကီလိုဂရမ် နဲ့ ခေတမင်း ၂၃၅ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့တယ်။ 

မူးယစ်သယ်ဆောင်သူတွေနဲ့ ပစ်ခတ်မှုပေါင်း ၂၃ ကြိမ် ဖြစ်ပွားပြီး တဘက်က ၈ ယောက်သေဆုံးခဲ့တယ်။ အဆိုပါ မူးယစ်ဆေးဝါးတွေဟာ ထိုင်းနိုင်ငံအတွင်းပိုင်းကို ရောက်သွားရင် တန်ဖိုးဘတ်သန်းပေါင်း ၁၅၇၉၆ သန်းခန့် ရှိမယ်လို့  ထိုင်းစစ်တပ် တပ်မ ၁ တိုင်းမှူးက သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ 

Source : Maesaipress /cmprice.com

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013