Home
မြန်မာသတင်း
ထိုင်းရဲချုပ်အမိန့်ကြောင့် ချင်းမိုင်တွင် အဖမ်းအဆီး အစစ်အဆေးပိုများလာ
DVB
·
February 20, 2025
Photo : Chiangmai Immigration

ထိုင်းနိုင်ငံရဲ့ဥပဒေနဲ့အညီ မနေထိုင်တဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေကို ရှာဖွေဖမ်းဆီးမယ့် ထိုင်းရဲချုပ်ရဲ့ အမိန့်ဟာ ချင်းမိုင်မြို့မှာ စပြီး အသက်၀င်နေပါပြီ။

ထိုင်းနိုင်ငံရဲ့ ဥပဒေနဲ့အညီ မနေထိုင်တဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေကို ရှာဖွေဖမ်းဆီးဖို့ ထိုင်းရဲချုပ် ကစ်တ်ဖန်ဖေ့တ်က ဖေဖော်၀ါရီ ၁၇ ရက်မှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အများပြည်သူ အပန်းဖြေနေရာတွေ၊ ပလက်ဖောင်းတွေ စတဲ့နေရာတွေမှာ ပတ်၀န်းကျင်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် ဆူပူသောင်းကြမ်းမှု လုပ်နေတာတွေ၊ နိုင်ငံတည်ငြိမ်ရေး ပျက်ပြားအောင် ပြုမူလုပ်ဆောင်တာတွေနဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေနဲ့အညီ နေထိုင်ခြင်း မရှိတာတွေကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖမ်းဆီးအရေးယူမှာ ဖြစ်တဲ့အကြောင်း ထိုင်းရဲချုပ်က ထုတ်ပြန်ခဲ့တာပါ။

အဲဒီအမိန့် ထုတ်ပြန်ပြီး တရက်အကြာမှာပဲ ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ချင်းမိုင်မြို့မှာ အဖမ်းအဆီး အစစ်အဆေးတွေ ပိုများလာပြီလို့ ချင်းမိုင်မှာနေထိုင်နေကြတဲ့ မြန်မာအသိုက်အဝန်းက သိရပါတယ်။

စီးပွားရေးလုပ်ကိုင်နေသူတယောက်က “ဒီတရုတ်ကျားဖြန့်ကိစ္စနဲ့ ပိုင်ဘက်က အစ္စရေး ဂျူးတွေကိစ္စ ပြီးတော့ ဒီထိုင်းရဲတွေကပေါ့နော်၊ နိုင်ငံခြားသားတွေ တရားမ၀င် နေထိုင်တာနဲ့ ဒီတရားမ၀င်အလုပ်တွေ လုပ်ကိုင်တာနဲ့ ပတ်သက်ပြီး ပိုပြီးတော့ ဖိဖိစီးစီး သူတို့ နှိမ်နင်းလာတယ်လို့ ထင်တယ်။ အထောက်အထားရှိတဲ့သူကတော့ ကိစ္စမရှိဘူး။ အထောက်အထား ခိုင်ခိုင်မာမာ မရှိတဲ့သူက နည်းနည်းလေး သတိထား သွားလာဆင်ခြင်ပေါ့နော်။ ပိုပြီးတော့ သတိထားရမယ့် အနေအထားတော့ ရှိမယ် အခုလောလောဆယ်ပေါ့” လို့ ပြောပါတယ်။

ချင်းမိုင်မြို့ရဲ့ စားသောက်ဆိုင်တွေနဲ့ လူနေရပ်ကွက်တွေ အတွင်းထိပါ လိုက်လံစစ်ဆေးနေတာဖြစ်ပြီး ဒီကာလမှာ အထောက်အထား မပြည့်စုံဘဲ အလုပ်လုပ်နေတာတွေ၊ ထိုင်းအစိုးရက ခွင့်မပြုထားတဲ့ အလုပ်အကိုင်တွေမှာ ၀င်ရောက်လုပ်ကိုင်နေတာတွေကို သတိထား လုပ်ကိုင်ကြဖို့ကိုလည်း အလုပ်သမားရေး အကူအညီပေးနေတဲ့သူတွေက ဆိုပါတယ်။

အဖမ်းခံရပါက ဒဏ်ငွေအနေနဲ့ ဘတ်ငွေ ၅,၀၀၀ ကနေ ဘတ်ငွေ ၅၀,၀၀၀ အထိ ဒဏ်ပေးဆောင်ရမှာဖြစ်ပြီး အဆိုးဆုံးအနေနဲ့ မြန်မာနိုင်ငံကို ပြန်ပို့ခံရနိုင်တဲ့ အနေအထားမျိုး ဖြစ်နေတာလို့လည်း DVB ကို ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီနေသူတယောက်က “ထိုင်းနိုင်ငံတောင်ပိုင်းမှာ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေ အများစုကတော့ ကော့သောင်းကို ပြန်ပို့ပြီးတော့မှ စစ်တပ်နဲ့ ချိတ်ဆက်မှုရှိတယ်ဆိုတဲ့ အနေအထားကတော့ ဒီတပတ်ကျော်ကျော် သတင်းတွေမှာ တက်လာတာ တွေ့တယ်။ ထိုင်းရဲ့ပေါ်လစီက ရက်ပေါင်း ၁၀၀ စီမံချက် ဆိုပေမဲ့လည်း အစိုးရက မနေ့တုန်းကမှ ၀န်ကြီးချုပ်ကပေးလိုက်တဲ့ လာဘ်စားတဲ့ရဲတွေကိုလည်း ပိုမိုအရေးယူသွားမယ်ဆိုတဲ့ ကိစ္စရပ်ကလည်း ထွက်ဖို့ရှိနေတဲ့ အခါကျတော့ ဒီဟာက စောင့်ကြည့်ရမယ်၊ ဒီတပတ်အတွင်းထဲမှာလေ” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ တည်ငြိမ်ရေးကို ပျက်ပြားအောင် လုပ်နေတာတွေနဲ့ နှစ်နိုင်ငံပုံရိပ် ထိခိုက်အောင် လုပ်ဆောင်တဲ့ပြစ်မှုမျိုး ကျူးလွန်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် ရုပ်သိမ်းမှာဖြစ်ပြီး နိုင်ငံတ၀န်းမှာရှိနေတဲ့ ထိုင်းရဲတပ်ဖွဲ့၀င်တွေဟာ သတင်းမီဒီယာနဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကနေ စောင့်ကြည့်ပြီး ဖမ်းဆီးအရေးယူသွားမှာ ဖြစ်တယ်လို့ ထိုင်းရဲချုပ်က ညွှန်ကြားထားပါတယ်။

ချင်းမိုင်မြို့ရဲ့ လူနေရပ်ကွက်တွေမှာတော့ အိမ်ထဲအထိ ၀င်စစ်ဆေးတာတွေနဲ့ ဗီဇာတွေပါ လိုက်စစ်နေတာမျိုးတွေ တွေ့လာရတယ်လို့ ချင်းမိုင်မှာ အခြေချနေသူတယောက်က DVB ကို ပြောပါတယ်။

“ကျမဆိုလည်း ဒီမှာ Legal Document အနေနဲ့ Work permit ဗီဇာနဲ့ နေထိုင်တဲ့သူပေါ့နော်။ အခုတလောဆိုရင် ကျမတို့ သက်တမ်းတိုးတဲ့ကာလမှာ တချို့ဆို Name list ရပြီးပြီ၊ တချို့ဆို မရသေးဘူး။ ရပြီးတဲ့သူတွေက ထားပါတော့၊ ဖမ်းခံထိရင် ပြန်လွတ်နိုင်ခြေ ရှိသေးတယ်လို့ ပြောလို့ရသေးတယ်ပေါ့နော်။ မရသေးတဲ့သူတွေ ဆိုရင်ကော ဘယ်လိုလုပ်မှာလဲ၊ ဒါလည်း သူတို့ မချပေးလို့ မရတာလေ၊ ကျမတို့ သက်သက်မဲ့ မလုပ်ဘဲနေနေတာ မဟုတ်ဘူး။ အဲဒါကို ဖမ်းတယ်ဆိုတာက ယုတ္တိမရှိဘူး။ ဒါဆို ကျမတို့ကို ဟိုဘက်ကိုပြန်ပို့မှာလား၊ ဒါမှမဟုတ် ကျမတို့ဆီက ပိုက်ဆံကို ထပ်လိုချင်လို့လား။”

ထိုင်းရဲချုပ် အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း မြန်မာရွှေ့ပြောင်းအလုပ်သမား အဖမ်းခံရတာတွေ၊ အခွန်မဆောင်ဘဲ ကုန်ခြောက်ရောင်းတဲ့ဆိုင်တွေ ၀င်ဖမ်းတာတွေနဲ့ တရားမ၀င် စာသင်နေတဲ့ ကျောင်းဆရာတွေကို ဖမ်းဆီးအရေးယူနေတဲ့ သတင်းတွေကလည်း ထိုင်းမီဒီယာတွေမှာ နေ့တိုင်း ဖော်ပြနေပါတယ်။

မောရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013