Home
မြန်မာသတင်း
AAC မဟာမိတ်အဖွဲ့ ဂေဟာ ချိပ်ပိတ်ခံရသဖြင့် ရွှေ့ပြောင်း အလုပ်သမားများ ဒုက္ခရောက်နိုင်
DVB
·
February 20, 2025
Photo: AAC

ထိုင်းအာဏာပိုင်တွေက AAC မဟာမိတ်အဖွဲ့ရဲ့ အလုပ်သမားများ ကယ်ဆယ်ရေးဂေဟာကို ဖျက်သိမ်းဖို့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ချိပ်ပိတ်စာ ကပ်လိုက်တဲ့ လုပ်ဆောင်ချက်ဟာ အလုပ်သမားရေးကူညီသူတွေ၊ အဖွဲ့အစည်းတွေကို တပ်လှန့်လိုက်တဲ့ သဘောပဲလို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားအရေးကို ၁၀ နှစ်ကျော် ကူညီဆောင်ရွက် ပေးနေတဲ့ “လက်တွဲကူညီ AAC မဟာမိတ်” အဖွဲ့ရဲ့ အလုပ်သမားများကယ်ဆယ်ရေးဂေဟာကို  ဖေဖော်ဝါရီ ၂၀ ရက်မှာ  ထိုင်းအာဏာပိုင်တွေက ဖျက်သိမ်းဖို့ ချိပ်ပိတ်စာ လာကပ်ခဲ့ပါတယ်။

ချိပ်ပိတ်ထားတဲ့ ဂေဟာကို ဆက်အသုံးပြုမယ်ဆိုရင် ၃ လထက်မပိုတဲ့ ထောင်ဒဏ် (သို့မဟုတ်) ဘတ်ငွေ ၆၀၀၀၀ ထက်မပိုတဲ့ ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပြီး ပြစ်ဒဏ် ၂  မျိုးလုံးလည်း ချမှတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် AAC ဂေဟာကို ဥပဒေနဲ့  မညီဘဲ ဆက်လက်အသုံးပြုနေရင်  တရက်ကို ဘတ် ၁၀၀၀၀  ထက်မပိုတဲ့ ဒဏ်ငွေပေးဆောင်ရမယ်လို့ ဆိုပါတယ်။

အခုလို အလုပ်သမား ကူညီကယ်ဆယ်ရေးစခန်းတွေ ပိတ်သိမ်းခံရတာနဲ့ ပတ်သက်လို့ အကူညီ လိုအပ်တဲ့ အလုပ်သမားတွေ အခက်အခဲဖြစ်သွားနိုင်သလို ထိုင်းရောက် အလုပ်သမားအရေး ကူညီပေးသူတွေကို တပ်လှန့်လိုက်တဲ့ သဘောပဲလို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

FED Foundation အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က “ကျနော်တို့ ဒီ AAC ယာယီ ကယ်ဆယ်ရေးစခန်း ပိတ်သိမ်းခံရတဲ့ နောက်ဆက်တွဲ အခြေအနေကတော့ ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ တကယ်လို့ အခက်အခဲ ပြဿနာတွေ ရင်ဆိုင်ရရင် သူတို့ရဲ့ နေဖို့ထိုင်ဖို့ နေရာတွေ အများကြီး အခက်အခဲ ဖြစ်သွားနိုင်တယ်။ ပိုပြီး ပြောချင်တာက ဒါ ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ရှင်းရှင်းလင်းလင်း ထိုင်းအစိုးရအနေနဲ့ အသိပေးလိုက်တာ ဖြစ်တယ်။ ထိုင်းအစိုးရအနေရဲ့ သတ်မှတ်ထားတဲ့ ဥပဒေနဲ့ အတတ်နိုင်ဆုံး ညီညွတ်အောင် နေထိုင်လုပ်ကိုင်ဖို့ တပ်လှန့်လိုက်တယ်လို့ ကျနော်တို့ နားလည်တယ်”လို့ ပြောပါတယ်။

AAC မဟာမိတ်အဖွဲ့ ရုံးခန်းကို ဖေဖော်ဝါရီ ၁၈ ရက် မနက်က ထိုင်းအာဏာပိုင်တွေ လာရောက် စစ်ဆေးခဲ့ပြီး ရုံးမှာရှိတဲ့သူတွေကို ဒဏ်တပ်ကာ ရုံးကိုလည်း ပိတ်သိမ်းဖို့ ပြောခဲ့ပါတယ်။

AAC မဟာမိတ်အဖွဲ့ဟာ ထိုင်းအစိုးရထံမှာ တရားဝင်မှတ်ပုံတင်ထားတာမဟုတ်လို့ ရုံးကိုပိတ်ခိုင်းသလို အခက်အခဲအမျိုးမျိုးနဲ့ ရုံးမှာ လာရောက်တိုင်ကြား ခိုလှုံနေတဲ့ မြန်မာလုပ်သား ၁၀၀ ကျော်ကိုလည်း အထောက်အထားတွေ စစ်ဆေးခဲ့တယ်လို့ AAC အဖွဲ့ဆီက သိရပါတယ်။

AAC မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက “ကျနော့်မှာ ဥပဒေနဲ့မညီတာ ဘာမှ မရှိဘူး။ ဥပေဒနဲ့ မညီတာဆိုလို့ သူတို့ကို နေထိုင်ခွင့်ကို နေရာ မတိုင်ထားတာ။ ဧည့်စာရင်းမတိုင်ထားတာ။ အယောက် ၈၀ လောက် ပါသွားတယ်။ MoU အေဂျင်စီက ပစ်ပြီး အလုပ်လက်မဲ့ဖြစ်လို့ စားစရာ သောက်စရာ မရှိလို့ ရုံးမှာ ခဏ ခိုလှုံနေကြတာ”လို့ ပြောပါတယ်။

လတ်တလော ထိုင်းနိုင်ငံမှာ အလုပ်သမားအရေးလုပ်တဲ့ တခြားအဖွဲ့အစည်းတွေ၊ ရုံးတွေကိုလည်း ထိုင်းအာဏာပိုင်တွေဘက်က စာပို့ထားပြီး အဖွဲ့အစည်းတွေကို စောင့်ကြည့် စစ်ဆေးတာတွေ လုပ်နေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။  

WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ  ကိုမုန်တိုင်းက “ဒီလို ပိတ်ခံရရင် လက်ရှိ ဒုက္ခရောက်မှာက မြန်မာပြည်သားအများစု ဖြစ်လာနိုင်တယ်။ ဘာလို့လဲဆိုတော့ ကူညီဆောင်ရွက်ပေးမယ့်သူတွေ မရှိရင် အားကိုးရာမဲ့လာမယ်။ သံရုံးကျတော့ အားကိုးလို့မှ မရတာ။ အခုလိုမျိုး ကျနော်တို့ဆို ခြေပြတ်လက်ပြတ်တွေ၊ စက်ရုံတွေမှာ လုပ်အားခ မပေးတာတွေ ဆောင်ရွက်ပေးနေတာ။ ဒီလို အဖွဲ့အစည်းတွေရှိတဲ့အတွက် တော်တန်ရုံ လူတွေမှာ သူတို့အတွက် အဆင်ပြေနိုင်တဲ့အရာတွေ ရှိတာပေါ့။ ဒီလို ပိတ်ရမယ်ဆိုရင် ရှေ့လျှောက် ပိုဒုက္ခရောက်ဖို့ပဲ ရှိမှာပေါ့” လို့ ပြောပါတယ်။

AAC မဟာမိတ်အဖွဲ့အနေနဲ့  အခက်အခဲတွေကြားကနေ အလုပ်သမားအရေးကို ၂၀၁၅ ခုနှစ်ကတည်းကနေ လက်ရှိအချိန်ထိ ၁၀ နှစ်ကျော် ကူညီဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အရင် NLD အရပ်သားအစိုးရ လက်ထက်ကလည်း ထိုင်းမှာတာဝန်ရှိသူတွေ စစ်ဆေးပြီး AAC ရုံးကို ပိတ်သိမ်းခိုင်းတာရှိခဲ့ပေမဲ့ ညှိနှိုင်းပြီးနားလည်မှုနဲ့ ပြန်ဖွင့်ခဲ့ကြောင်း သိရပါတယ်။ 

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013