
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီက နေအိမ် ၁၁ လုံးထက်မနည်း ချိပ်ပိတ်ခဲ့ပြီး အရပ်သားတွေရဲ့ နေအိမ်တွေ အများဆုံး ချိပ်ပိတ်ခံခဲ့ရတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီက အရပ်သားတွေကို PDF တွေကို ထောက်ပံ့တာ၊ အားပေးချိတ်ဆက်ကူညီတာတွေ လုပ်နေတာကြောင့်လို့ စွပ်စွဲပြီး ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်အထိ တလအတွင်း လူနေအိမ် ၁၁ လုံးထက်မနည်း ချိပ်ပိတ်သိမ်းဆည်းခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ချိပ်ပိတ်ခံရတဲ့အိမ်တွေက အရပ်သားတွေရဲ့ အိမ်တွေပါ။ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ PDF နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ပံ့ကူညီတယ်လို့ စွပ်စွဲပြီး သိမ်းဆည်းခဲ့တာ။ သက်ဆိုင်ရာ နယ်မြေခံ ရပ်ကျေး၊ အုပ်ချုပ်ရေးအဖွဲ့တွေက ရဲတပ်ဖွဲ့ကို တင်ပြတာကြောင့် စစ်ဆေးချိပ်ပိတ်ခဲ့တာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ တလအတွင်း ဧရာဝတီတိုင်းထဲက ဇလွန်၊ ငရုတ်ကောင်း၊ ကျုံပျော်၊ ရေကြည်၊ ကျိုက်လတ်၊ သာပေါင်း၊ ရွှေသောင်ယံ စတဲ့မြို့နယ်တွေက ဒေသခံတွေရဲ့ နေအိမ်တွေ အများဆုံး ချိပ်ပိတ်ခံရတဲ့အထဲ ပါတယ်လို့ သိရပါတယ်။
သာပေါင်းမြို့ခံတယောက်က “ချိပ်ပိတ်ခံရတဲ့ အိမ်တွေကတော့ အစုံပေါ့။ အိမ်ကောင်းကောင်း မဟုတ်လည်း ချိပ်ပိတ်ပါတယ်။ သူတို့(စစ်ကောင်စီ) က ဘဝပျက်အောင် နေစရာမရှိအောင် လုပ်တာ။ PDF တွေကို ကူညီထောက်ပံ့တယ်ဆိုပြီး မိသားစုပိုင်အိမ်လေးကို ချိပ်ပိတ်သိမ်းလိုက်တာပါ။ ကူညီတယ်ဆိုတဲ့ အချက်အလက် အထောက်အထားလည်း ဘာမှမရှိ လုပ်တာ” လို့ ပြောပါတယ်။
အဲဒီ နေအိမ်ချိပ်ပိတ်သိမ်းဆည်းခံထားရတဲ့ နေအိမ်ပိုင်ရှင် အများစုကို စစ်ကောင်စီက အကြမ်းဖက် ဥပဒေပုဒ်မ၊ မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့်တယ်လို့ ကြေညာထားတဲ့သူတွေ ပါဝင်ပြီး ဘယ်ပုဒ်မနဲ့မှ အမှုဖွင့်ထားခြင်း မရှိတဲ့သူတွေလည်း ပါတယ်လို့ ဆိုပါတယ်။