
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့တလအတွင်း စစ်ကောင်စီတပ်က ရခိုင်တိုင်းရင်းသား ၃၄ ယောက်ကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဧရာဝတီတိုင်းမှာ အခြေချနေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေထဲက အမျိုးသား ၂၉ ယောက်နဲ့ အမျိုးသမီး ၅ ယောက်ကို အာရက္ခတပ်တော် (AA) နဲ့ ဆက်သွယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၅ ခုနှစ် ဇန်ဝါရီတလအတွင်း ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အဖမ်းခံရတဲ့သူတွေနဲ့ နီးစပ်သူက “စကစတပ်က AA နဲ့ အဆက်အသွယ်ရှိတယ်၊ AA တပ်ဖွဲ့ဝင်တွေကို ပေးကူညီနေတယ်ဆိုပြီး ဖမ်းတာ။ အဖမ်းခံရသူတွေအားလုံးက အရပ်သား ရခိုင်တိုင်းရင်းသားတွေပါ။ အဲ့ဘက်မှာ အခြေချနေထိုင်သူတွေပါ” လို့ ပြောပါတယ်။
အဖမ်းခံခဲ့ရတဲ့ ရခိုင်တိုင်းရင်းသား ၃၄ ယောက်ဟာ ငရုတ်ကောင်း၊ ငပုတော၊ ဟိုင်းကြီးကျွန်း၊ ရွှေသောင်ယံ၊ ငါးသိုင်းချောင်း စတဲ့ဒေသတွေမှာ အခြေချနေထိုင်သူတွေဖြစ်ပြီး စစ်ကောင်စီတပ်က ရခိုင်တိုင်းရင်းသားတွေကို ပစ်မှတ်ထားကာ ဆက်လက်ဖမ်းဆီးလာနိုင်လို့ တိုင်းရင်းသားတွေ စိုးရိမ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “နီးစပ်ရာ တပ်တွေမှာ ဖမ်းထားတယ်လို့ သိရတယ်။ လတ်တလောအနေနဲ့တော့ စစ်ဆေးနေတယ်လို့ပဲ သိရပါတယ်။ တပ်က အဓိကကိုင်တွယ်နေတာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ဖမ်းဆီးတဲ့ ရခိုင်တိုင်းရင်းသားတွေဟာ ရေလုပ်ငန်း၊ ငါးပိ၊ ငါးခြောက် လုပ်ငန်း လုပ်ကိုင်သူတွေဖြစ်ပြီး စစ်ကောင်စီတပ်က လာဖမ်းတဲ့ အချိန်ကတည်းက ရိုက်နှက်၊ ခြေထောက်နဲ့ကန်ပြီး ဖမ်းခေါ်သွားတာလို့ မျက်မြင်တွေ့ရှိတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလနဲ့ အောက်တိုဘာလကလည်း ဟိုင်းကြီးကျွန်းမြို့မှာ ရောက်နေတဲ့ ရခိုင်စစ်ဘေးရှောင် တိုင်းရင်းသား ၆ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ဒီနေ့အထိ ပြန်လွှတ်မပေးသေးဘူးလို့ သိရပါတယ်။