
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းနဲ့ ကပ်လျက်ရှိ နတ်ကြီးရွာနဲ့ မြစ်အနောက်ဘက်ကမ်း မုဌောတောင်ရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဖေဖော်ဝါရီ ၁၂ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါကျေးရွာတွေကို စစ်ကောင်စီ တံတားဦးလေတပ်က တစီး၊ မကွေးလေတပ်က တက်လာတဲ့ တိုက်လေယာဉ်တစီး စုစုပေါင်း လေယာဉ် ၂ စီးနဲ့ ဗုံးကြဲပစ်ခတ်သွားတာလို့လည်း သိရပါတယ်။
မုဌောတောင်ရွာက ရွာသားတယောက်က “ကျနော်တို့အရပ်သားတွေ အနေနဲ့ကတော့ မြေပြင်မှာ တိုက်ပွဲဖြစ်တာမရှိရင်၊ ကာကွယ်ရေးတပ်တွေ မရှိရင် လေယာဉ်နဲ့မပစ်ဘူးလို့ ထင်ကြတာ။ အခုတော့ ဘာမှမရှိလည်း စစ်တပ်က ပစ်တာ။ အခုပစ်တာကတော့ အကြောင်းမဲ့ကြီးကို ပစ်သွားတာ။ ကျနော်တို့ မုဌောကတော့ ရွာစာသင်ကျောင်းအနီးကို ကျတာ။ ကျတဲ့နေရာက ကျောင်းနဲ့ ခပ်ဝေးဝေးမှာကျလို့ သေဆုံးတာ မရှိခဲ့တာပါ” လို့ ပြောပါတယ်။
မုဌောရွာကို မကွေးလေတပ်ကတက်တဲ့ ဂျက်ဖိုက်တာတစီးက နေ့ခင်း ၁၁ နာရီခွဲကျော်မှာ ပစ်ခတ်ပြီး နတ်ကြီးရွာဘက်ကိုပါ ပစ်ခတ်သွားတာလို့လည်း သိရပါတယ်။
နတ်ကြီးရွာသားတယောက်က “ကျနော်တို့ နတ်ကြီးရွာကိုတော့ ၁၁ နာရီ ၁၇ မိနစ်မှာ တကြိမ်၊ ၁၁ နာရီ ၃၂ မိနစ်မှာ တကြိမ် စုစုပေါင်း ၂ ခေါက် လာပစ်တာဗျ။ ပစ်တဲ့လက်နက်တွေက Rocket အမျိုးအစားတွေနဲ့ စက်လက်နဲ့ပါပစ်တာ။ အဲလိုပစ်လို့ အမျိုးသမီး ၂ ဦး၊ အမျိုးသားတဦး စုစုပေါင်း ၃ ဦး ကျည်စထိမှန်တယ်။ ဒဏ်ရာကတော့ မစိုးရိမ်ရပါဘူး။ ကးတစီးလည်း ပျက်စီးတယ်။ ပစ်တဲ့နေရာက ရွာရဲ့တောင်ဘက် မဗိုလ်မချောင်းအနီးက ကျောက်ကွင်းကို ပစ်တာပါ” လို့ ပြောပါတယ်။
ကနီမြို့နယ်၊ နတ်ကြီးကျေးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၃ ရက် ညနေ ၅ နာရီဝန်းကျင်ကလည်း ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချခဲ့တာကြောင့် အရပ်သားတယောက် မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
နတ်ကြီးရွာကို စစ်တပ်က အကြိမ်ကြိမ် မီးရှို့ခဲ့ပြီး လေယာဉ်နဲ့ပါ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံအများစုဟာ နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်နေရပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကမ်းပါးနီစစ်ကောင်စီစခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်ညကစတင်ကာ ဒေသကာကွယ်ရေးပူးပေါင်းတပ်က ကမ်းပါးနီမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီဘက်ကလည်း ဒီနေ့ ၁၂ ရက်နေ့ မနက် ၈ နာရီကစပြီး တမနက်လုံးလေကြောင်းကနေ ကူတိုက်နေတယ်လို့ ဆိုပါတယ်။
“ကမ်းပါးနီမှာက ညက စတင်ကာ စစ်ရေးတင်းမာနေပြီး ဒီမနက်မှာ တိုက်ပွဲပိုပြင်းထန်လာတယ်။ စစ်တပ်ဘက်ကလည်း လေကြောင်းပစ်ကူတွေရှိနေပြီး တိုက်ပွဲရလဒ်နဲ့ ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူး” လို့ ကလေးဒေသခံတယောက်က ပြောပါတယ်။
အဆိုပါ တိုက်ပွဲကြောင့် ကမ်းပါးနီတံတားအနီး ဆည်တောရွာအပါအဝင် အနီးပတ်ဝန်းကျင်က ဒေသခံ ၁၀၀၀ လောက် စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ကမ်းပါးနီတိုက်ပွဲ အခြေအနေနဲ့ပတ်သက်ပြီး CNDF၊ CDF-KKG၊ ကလေးPDF က တာဝန်ရှိသူတွေကို DVB က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
၂၀၂၃ ခုနှစ် နိုဝင်ဘာလကုန်မှာ ဒေသကာကွယ်ရေးတပ်က ရန်ကြီးအောင်စခန်းသိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သားတွေက ကဘနီစခန်းကနေ ထွက်ပြေးသွားခဲ့ပြီးနောက် ဒေသကာကွယ်ရေးတပ်က ကမ္ဘားနီစစ်စခန်းကို ယာယီထိန်းချုပ်နိုင်ခဲ့ပေမဲ့ ၂၀၂၄ ဖေဖော်ဝါရီလကုန်မှာ စစ်ကောင်စီလက်ထဲ ပြန်ပါသွားခဲ့ပါတယ်။
ကလေးတောင်ပိုင်းနဲ့ ဂန့်ဂေါမြောက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံကျေးရွာ ၁၂ ရွာကို ဒေသကာကွယ်ရေးတပ်က တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက် စစ်ကောင်စီက ကလေးနယ်တောင်ပိုင်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဖေဖော်ဝါရီ ၁၀ ရက် ည ၁၁ နာရီဝန်းကျင်က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်ခဲ့လို့ ဒေသခံ ပြည်သူတယောက် သေဆုံးခဲ့ပြီး လူနေအိမ် တချို့လည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) အဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က “မြင်းခြံမြို့ကနေဆိုရင် ၄ မိုင်ဝန်းကျင်လောက်ပဲဝေးတဲ့ ဓားကျွန်းရွာနဲ့ တန်ဆောင်းရွာတွေဘက်ကို ပစ်တာ။ ဆိတ်ညံရွာမှာ တပ်စွဲနေတဲ့ကောင်တွေက လှမ်းပစ်တာ။ လက်နက်ကြီးက ၅ လုံးထက်တော့ မနည်းဘူး။ ဓားကျွန်းရွာက အမျိုးသားတယောက် အဲဒီလက်နက်ကြီးကျည်ထိပြီး ဆုံးသွားတယ်။ သူနဲ့အတူရှိနေတဲ့ မိသားစုကတော့ ဘာမှမဖြစ်ဘူးလို့ သိရတယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် သေဆုံးသွားသူဟာ ဓားကျွန်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် ကိုဘိုချစ် (ခေါ်) ကိုသစ္စာ ဆိုသူဖြစ်ကာ လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
မြင်းခြံမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တခုရဲ့ တာဝန်ခံတယောက်က “ဆိတ်ညံရွာကနေ လှမ်းပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေက ဓားကျွန်းရွာထဲကို ကျတယ်။ တန်ဆောင်းရွာထဲကိုလည်း ကျတယ်။ တိုက်ပွဲတွေရှိလို့ ပစ်တာမဟုတ်ဘဲ ဒီတိုင်းပစ်နေတာ၊ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကတည်းက ဆိုပါတော့ဗျ။ တန်ဆောင်းရွာထဲကို ကျတာကတော့ လူနေအိမ်တချို့ ထိခိုက်ပျက်စီးတာကလွဲပြီး ပြည်သူထိခိုက်သေဆုံးတာ မရှိသေးဘူးလို့တော့ သိထားရတယ်ဗျ။ အတိအကျတော့ မရသေးဘူး။ အဲဒါကြောင့်လည်း အဲဒိရွာတွေထဲက ရွာသားတွေ အတော်များများ စစ်ရှောင်နေကြတာ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေထဲမှာ မပေါက်ကွဲသေးတာတွေ ရှိနေသေးတဲ့အတွက်လည်း ပြည်သူတွေအနေနဲ့ ဂရုတစိုက် သွားလာနေထိုင်ကြဖို့လည်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နဲ့ ၂ ရက်နေ့တွေကလည်း မြင်းခြံမြို့နယ်ထဲက တလုပ်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေအပြင် လေကြောင်းကနေပါ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် တလုပ်မြို့ခံ ပြည်သူ ၅ ယောက်ထက်မနည်း သေဆုံးခဲ့ကာ ၁၀ ယောက်နီးပါး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။