
ရှမ်း-ကယား နယ်စပ် လွိုင်လင်လေးမြို့၊ နမ်းနောက်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တို့က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ကျေးရွာထဲ လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာကြောင့် ဘုန်းကြီးကျောင်း ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက် မနက်ပိုင်းမှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး အခုလိုပစ်ခတ်လို့ နမ်းနောက်ရွာ ပင်မဘုန်းကြီးကျောင်း ပျက်စီးပြီး ရွာသားတွေလည်း ဘေးကင်းရာ ထွက်ပြေးခဲ့ရတယ်လို့ ပြောပါတယ်။
ရွာခံတယောက်က “၈၁ မမနဲ့ ၉ ခါပစ်တာ။ အကုန်လုံး ရွာထဲကျတယ်၊ ဘုန်းကြီးကျောင်း ပျက်စီးသွားတယ်။ ရွာထဲကလူတွေ အိမ်တွေ ထိတာတော့ မရှိဘူး။ ရွာသားတွေ ကြောက်လို့ တောထဲထွက်ပြေးရတယ်။ ခုထိ ရွာမပြန်ရဲသေးဘူး” လို့ ပြောပါတယ်။
အခုပစ်ခတ်မှုကို လွိုင်လင်လေးအခြေစိုက် ခလရ ၅၃၀ တပ်က ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိလည်း အခုလိုပဲ လူနေကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လေ့ရှိတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်မှာလည်း ခလရ ၅၃၀ တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အိုက်စမ်းရွာက ကလေးငယ် ၂ ယောက် သေဆုံးပြီး ၅ လသား ကလေးငယ်တယောက် လက်တဖက် ဆုံးရှုံးခဲ့ပါသေးတယ်။