Home
မြန်မာသတင်း
မွန်ပြည်နယ်၌ ၄ နှစ်အတွင်း စစ်တပ်က  နေအိမ် ၁၀၀ ကျော်ကို ချိပ်ပိတ်
DVB
·
December 11, 2024

မွန်ပြည်နယ်မှာ စစ်အာဏာသိမ်းပြီး ၄ နှစ်တာကာလအတွင်း အရပ်သားပြည်သူတွေရဲ့နေအိမ် ၁၀၀ ကျော်ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့တယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ စာရင်းတွေအရ သိရပါတယ်။

မွန်ပြည်နယ်အတွင်းက နွေဦးတော်လှန်ရေးနဲ့ပတ်သတ်သူ၊ PDF၊ ထောက်ပို့၊ လွှတ်တော်အမတ်၊ NLD ပါတီဝင်၊ ပါတီနဲ့ ဆက်စပ်သူတွေရဲ့ နေအိမ်တွေကို အဓိက ချိပ်ပိတ်နေတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်ဒေသခံ ရှေ့နေတယောက်က “ချိပ်ပိတ်တဲ့ အိမ်တွေလို့သာ သုံးနေပေမဲ့ပေါ့လေ တကယ်တမ်းတော့ ဘာကြောင့် ချိပ်ပိတ်ရတယ်ဆိုတဲ့ အကြောင်းအချက် အခိုင်အလုံ လုပ်ထုံးလုပ်နည်းနဲ့ အညီလုပ်ခဲ့တာတော့ တခုမှမရှိဘူးပေါ့လေ။ ဥပဒေအရ တိကျသေချာတဲ့ အကြောင်းပြချက်တွေကြောင့် အိမ်ကိုချိပ်ပိတ်ပါတယ်ဆိုတာမျိုးမရှိခဲ့ဘဲ၊ ငါတို့လုပ်ချင်လို့ လုပ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပိတ်ထားတဲ့ အနေအထားမျိုးပဲရှိပါတယ်။ ချိပ်ပိတ်တယ်ဆိုတာက ပြစ်မှုထင်ရှားစီရင်ပြီးမှ ပြစ်မှုတွေနဲ့ ဆက်စပ်တဲ့အတွက် ချိပ်ပိတ်တာမျိုးပဲ ဖြစ်သင့်ပါတယ်။ အခုက ပြစ်မှုထင်ရှားတာမရှိဘဲ တဖက်သိမ်းပိတ်သိမ်းတာမျိုးဖြစ်နေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ သူတို့အလိုရှိတဲ့သူတွေကို ဖမ်းမမိတဲ့အခါ နေအိမ်ချိပ်ပိတ်တာတွေလုပ်သလို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက သွေးထိုးလှုံ့ဆော်မှုကြောင့် ချိပ်ပိတ်ခဲ့ရတဲ့နေအိမ်တွေက ပိုများတယ်လို့ မွန်ဒေသခံတွေက ပြောပါတယ်။

ရေးမြို့နယ်မှာတော့ လူသိများတဲ့ တော်လှန်ရေးသမားတွေဖြစ်တဲ့ ရေးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ကျန်ရစ်နဲ့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်ရဲ့ နေအိမ်တွေအပါအဝင် တော်လှန်ရေးထောက်ပို့အဖြစ် စွပ်စွဲပြီး နေအိမ် ၇ လုံးကို ပိတ်သိမ်းခဲ့ပါတယ်။

ရေးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ကျန်ရစ်က “ကျနော့်အိမ်ကတော့ ရေးမြို့နယ် ချောင်းစောက်ကျေးရွာမှာပါ။ ပိတ်ခံရတဲ့ဖြစ်စဉ်က ၂၀၂၂၊ ၂ လပိုင်း၊ ၃ ရက်နေ့မှာပေါ့နော်။ ကျနော်က ရွာမှာ လက်နက်သွားသိမ်းတယ်၊ ပြည်သူ့စစ်တွေက ကျနော်လာတယ်ဆိုတာ သိသွားတော့ ကျတော့အိမ်ကို ချိပ်ပိတ်တယ်။ ပြီးတော့ မိသားစုတွေ အားလုံးဖမ်းထားတာပေါ့။ နောက် ၆ လလောက်ကြာတော့ ကျနော့်အဖေနဲ့ အမေကပြန်လွတ်လာတယ်။ အခု သူတို့ လွတ်မြောက်နယ်မြေကို ရောက်နေကြပါပြီ” လို့ ပြောပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တာဝန်ရှိသူတွေရဲ့ ရေးမြို့နယ်နဲ့ မော်လမြိုင်မြို့နယ်က နေအိမ်တွေကိုလည်း စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပါတယ်။

အာဏာသိမ်းစကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီဝင် ဒေါက်တာခင်ဆောင်ရဲ့ ကျိုက်ထိုမြို့နယ် မြောက်ပိုင်းရပ်ကွက်ကနေအိမ်နဲ့ လက်ပြကျေးရွာက မိသားစုပိုင်ခြံဝန်းတို့ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပါတယ်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တပ်ဖွဲ့ ခေါင်းဆောင်တွေနဲ့ တပ်ဖွဲ့နဲ့ပတ်သက်သူတွေရဲ့ နေအိမ်တွေအပါအဝင် အိမ် ၁၀ လုံးကျော်ကိုလည်း စစ်ကောင်စီက ချိပ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၃ ရက်ကလည်း စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တဲ့ သတင်းထောက် ကိုထက်မြက်သူရဲ့ မိခင်ပိုင်ဆိုင်တဲ့ ကျိုက်ထိုမြို့နယ် လက်ပြကျေးရွာက နေအိမ်ကို ချိပ်ပိတ်ခဲ့ပါတယ်။

KRF တာဝန်ရှိသူ က  “လူတွေကို ဖမ်းမမိတဲ့အတွက် အိမ်တွေကို ချိပ်ပိတ်တဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ချိပ်ပိတ်ခံရတဲ့ အိမ်ဆိုတာ ချိပ်ပိတ်ခံရသူပိုင်တဲ့ အိမ်ဟုတ်မဟုတ် စုံစမ်းခြင်းမရှိဘဲ ချိပ်ပိတ်တဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ကျိုက်ထိုမှာဖြစ်သွားတဲ့ နေအိမ်ပိတ်သိမ်းမှုတွေမှာ တရားဉပဒေအရ သို့မဟုတ် ပစ်မှုအရ ပိတ်သိမ်းခြင်းမျိုးမဟုတ်ဘဲ ဆိုရှယ်မီဒီယာရဲ့ ကျော်ကြားမှုအရ ပိတ်သိမ်းတာတွေက ၅၀ ရာခိုင်နှုန်းလောက်ရှိပါတယ်” လို့ ပြောပါတယ်။

မွန်ပြည်နယ်က ကျိုက်ထို၊ သထုံ၊ ရေး၊ ပေါင်၊ မော်လမြိုင်၊ သံဖြူဇရပ်၊ ကျိုက်မရော၊ မုဒုံ စတဲ့မြို့နယ်တွေက လူနေအိမ်တွေကို စစ်ကောင်စီတပ်က ချိပ်ပိတ်ခဲ့တာပါ။

စစ်အာဏာသိမ်းစကနေ ၂၀၂၄ ခုနှစ်အထိ နိုင်ငံတဝန်းက အရပ်သားတွေနဲ့ NLD ပါတီဝင်တွေရဲ့ နေအိမ်ပေါင်း ၈၀၀ ကျော်ကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ စာရင်းတွေအရ သိရပါတယ်။ 

သီရိ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024