Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် လူမှုကယ်ဆယ်ရေး ပရဟိတသမားများ ဖမ်းဆီးထောင်ချခံရမှု ပိုများလာ
DVB
·
December 5, 2024

မွန်ပြည်နယ်မှာ လူမှုကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသူတွေကို နိုင်ငံရေးနဲ့ ပတ်သက် ဆက်နွှယ်တယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ထောက်ပံ့ကူညီတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီတပ်က မကြာခဏ ဖမ်းဆီးထောင်ချတာတွေ လုပ်ဆောင်နေပါတယ်။

ကျိုက်ထိုမြို့ ကော့စနိုင်ရပ်ကွက်အခြေစိုက် ကော့စနိုင် လူမှုကူညီရေးအသင်းဝင် ဦးမြအောင်ကို PDF တွေကို ထောက်ပံ့ကူညီတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးထားပြီး နိုဝင်ဘာ ၂၇ ရက်က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ ည၊ ၅၂ (က) နဲ့ ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်လိုက်ပါတယ်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFORM) ရဲ့ စီမံကိန်းဒါရိုက်တာ နိုင်အဲမွန်က “မွန်ပြည်နယ်မှာ စစ်ကောင်စီက PDF တွေကို ထောက်ပံ့တယ်၊ ဆက်သွယ်တယ်၊ အဖွဲ့ဝင်ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက် အမျိုးမျိုးနဲ့ ဖမ်းဆီးတာ ဒီနှစ်ထဲမှာ အမှုပေါင်း ၄၀ ကျော်လောက် ရှိပြီ။ အဲ့ထဲမှာ လူမှုကယ်ဆယ်ရေး အသင်းသားတွေကို ပစ်မှတ်ထားပြီးတော့ PDF တွေကို ထောက်ပံ့ကူညီတယ်ဆိုတဲ့ အကြမ်းဖက် အုပ်စုတွေကို ထောက်ပံ့တယ် ဆက်သွယ် ဆောင်ရွက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးထောင်ချမှုတွေက ၈ ခုကနေ ၁၂ ခုထိ ရှိပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက PDF တွေကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး ကော့စနိုင် လူမှုကူညီရေးအသင်းဝင် ဦးမြအောင်နဲ့ သမီးဖြစ်သူ မချစ်စုရတနာတို့ အပါအဝင် အသင်းဝင် ၄ ယောက် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်မှာ စစ်ကောင်စီက ဂိတ်တွေ အများအပြားချလာတာရှိပြီး ပြည်သူလူထုအနေနဲ့ အရေးပေါ်အခြေအနေဖြစ်လာရင် ဒီဂိတ်တွေဖြတ်သန်းတဲ့အခါ ကြောက်ရွံ့တာကြောင့် လူမှုကယ်ဆယ်ရေးအဖွဲ့တွေကို အဓိက အားကိုးနေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) တာဝန်ခံ မင်းသံလွင်က “လူမှုကူညီကယ်ဆယ်ရေး အသင်းတွေဘက်ကလည်း ပြည်သူတွေရဲ့ အခြေအနေအရ အရေးပေါ် အခြေအနေအရ ညအချိန်မတော် သွားလာရတာမျိုးတွေ ရှိတယ်။ အဲ့ဒီအခါကျရင် စစ်ကောင်စီဘက်က နယ်မြေထိန်းချုပ်နိုင်ခြင်းမရှိတဲ့ ဒေသတွေ ဖြတ်သန်းရတဲ့အခါကျရင် တော်လှန်ရေး အင်အားစုတွေကို ကြိုတင်ပြီးတော့ သတင်းပို့အကြောင်းကြားရတာမျိုးတွေ ရှိတယ်။ ဒါကို သူတို့ဘက်က PDF တွေနဲ့ ပတ်သက် ဆက်နွှယ်တယ်၊ ကူညီထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး ထောင်ချလိုက်တယ်ဆိုတာက ဒီလို ပြည်သူလူထုကို ကူညီကယ်ဆယ်နေတဲ့ အဖွဲ့အစည်းတွေ လုပ်ငန်းတွေကို ရပ်တန့်သွားအောင် ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ဆောင်နေတာလို့ ပြောလို့ရတယ်” လို့ ပြောပါတယ်။ 

အောက်တိုဘာလတုန်းကလည်း သံဖြူဇရပ်မြို့ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ အပါအဝင် အသင်းသား ၃ ယောက်ကိုလည်း PDF ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့် တရားစွဲဆိုထားပါတယ်။

ကော့စံနိုင် လူမှုကူညီရေးအသင်းက ဦးမြအောင်ရဲ့ ဖြစ်စဉ်ကတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက မွန်ပြည်နယ်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ဒဏ်ချမှတ်ခံရတဲ့ ပထမဆုံး လူမှုကူညီရေးအဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။ 

မြတ်သဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013