
ထိုင်းနိုင်ငံမှာ ဥပဒေနဲ့ မညီညွတ်တဲ့၊ ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်အောင် နေထိုင်တဲ့ နိုင်ငံခြားသား၊ ရွှေ့ပြောင်းအလုပ်သမားတွေကို စောင့်ကြည့်အရေးယူဖို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီးက ညွှန်ကြားထားတဲ့အတိုင်း သက်ဆိုင်ရာနယ်မြေအသီးသီးမှာ စစ်ဆေးဖမ်းဆီးမှုတွေ နေ့စဉ်လို ရှိနေပါတယ်။
ထိုင်းနိုင်ငံ ဒုတိယမြို့တော် ချင်းမိုင်မှာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက် ည ၉ နာရီခွဲနဲ့ ၁၀ နာရီခွဲကြား ပြည်သူပိုင်လမ်းမပေါ်မှာ အုပ်စုဖွဲ့ပြီး ပတ်ဝန်းကျင်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုမူတဲ့ နိုင်ငံခြား ရွှေ့ပြောင်းလုပ်သားလူငယ် ၅ ယောက်ကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူခဲ့တယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါလူငယ်တွေဟာ လမ်းမပေါ်မှာ ဆိုင်ကယ်ပြိုင်မောင်းတာ၊ ဆူညံ အသံပြုတာကြောင့် ဖမ်းဆီးခံရတဲ့အပြင် အထောက်အထား မပြည့်စုံတဲ့အတွက် နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ပါ အရေးယူခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်နိုင်ငံသားတွေလဲ ဆိုတာတော့ သတင်းမှာ ဖော်ပြခြင်းမရှိပါဘူး။
ဒါ့အပြင် ချင်းမိုင်မြို့ အထင်ကရ ဒွိုင်ဆုထိပ် ဗျူးပွိုင့် (ရှုခင်းမျှော်ရာ) နေရာမှာလည်း ညညဆို လူငယ်တွေ စုဝေးပြီး သောင်းကျန်းနေတယ်၊ ဆုထိပ်တောင်တက်လမ်း ရေခဲမုန့်ဘူးလည်း ဖောက်ထွင်းခံရတယ်လို့ ဒေသခံတွေ တိုင်ကြားချက်ရတာကြောင့် တာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၂၂ ရက် ညက သွားရောက်စစ်ဆေး အရေးယူခဲ့တယ်လို့ လန့်နား (ထိုင်းမြောက်ပိုင်း) ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
စစ်ဆေးချက်အရ အဆိုပါလူငယ်တွေထဲမှာ ထိုင်းလူငယ်ကော ရွှေ့ပြောင်းလူငယ်တွေပါ ရောနှောပါဝင်ပြီး ရေခဲမုန်ု့ဘူးဖောက်ပြီး စားကြတာလည်း အဲဒီထဲကပဲ။ အဓိက တရားခံမှာ အသက် ၁၅ နှစ်အရွယ် ရွှေ့ပြောင်းလူငယ်နဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်တို့ဖြစ်တယ်။ လူစုလူဝေး သောင်းကျန်းတဲ့လူငယ်တွေကို အသိပေးဆုံးမစကားပြောပြီး ရေခဲမုန့်ဘူးဖောက်တဲ့ လူငယ် ၂ ယောက်ကိုတော့ ဖောက်ထွင်းမှုနဲ့ အရေးယူသွားမယ်လို့ တာဝန်ရှိသူကပြောကြောင်း သတင်းမှာ ဖော်ပြပါတယ်။
Source : konlannanews / Chiangmai News