Home
မြန်မာသတင်း
ထိုင်းရဲချုပ် ညွှန်ကြားချက်ကြောင့်  ရွှေ့ပြောင်းလုပ်သားအများအပြား စစ်ဆေးဖမ်းဆီးခံနေရ 
DVB
·
February 22, 2025
Photo-Royal Thai Army

ထိုင်းနိုင်ငံမှာ ဥပဒေနဲ့အညီလိုက်နာနေထိုင်ခြင်းမရှိတဲ့ နိုင်ငံခြားသားတွေကို စစ်ဆေးနှိမ်နင်းဖို့  ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီးက ဖေဖော်ဝါရီ ၁၇ မှာ ညွှန်ကြားလိုက်တဲ့နောက် ထိုင်းနိုင်ငံ နေရာအတော်များများမှာ နိုင်ငံခြားသား နဲ့ ရွှေ့ပြောင်းလုပ်သားတွေရှိရာ လုပ်ငန်းခွင်နေ၊ အိမ်ခန်း တွေကို လိုက်လံစစ်ဆေးနေတာတွေ ရှိပါတယ်။ 

အဲဒီလို လိုက်လံစစ်ဆေးစဉ် ဥပဒေနဲ့မညီတဲ့သူတွေ ဖမ်းဆီးခံနေရတာမှာ ဖေဖော်ဝါရီ ၁၈ ရက်ညက ချင်းမိုင်ခရိုင် ဆန်ကမ်ဖိုင်းမြို့နယ်ရှိ ကာရာအိုခေဆိုင်တဆိုင်ကနေ အလုပ်သမားဥပဒေချိုးဖောက်တဲ့ (ခွင့်ပြုချက်မရှိတဲ့အလုပ်မှာ ဝင်လုပ်တဲ့)  မြန်မာအလုပ်သမား ၅ ဦး၊ အထောက်အထားမဲ့ မြန်မာ ၁ ဦး နဲ့ သူတို့တွေကို လက်ခံအလုပ်ခန့်ထားတဲ့ ထိုင်းအလုပ်ရှင် ၂ ဦးတို့ပါ ဖမ်းဆီးအရေးယူခံရတယ်လို့ ချင်းမိုင်နယူးစ် သတင်းမှာ ဖော်ပြပါတယ်။ 

ဒါ့အပြင် ဖေဖော်ဝါရီ ၂၀ ရက် ညက တာဝန်ရှိသူတွေ ချင်းမိုင်ခရိုင် ဆန်ဆိုင်းမြို့နယ်ရှိ အလုပ်သမားတွေနေတဲ့ ရပ်ကွက်ထဲ ဝင်ရောက်စစ်ဆေးတာမှာ ဥပဒေနဲ့မညီတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၈ ဦး ဖမ်းဆီးရမိတယ်။ အဲဒီထဲက ၆ ဦးမှာ  တရားမဝင် ဝင်ရောက်မှု၊ အထောက်အထားမဲ့နေထိုင်မှု၊ ကျန် ၂ ဦးမှာ စိတ်ကြွမူးယစ်ဆေး လက်ဝယ်တွေ့ရှိမှု ဖြန့်ဖြူးရောင်းချမှုတွေနဲ့ အရေးယူခံရမယ်လို့ ချင်းမိုင်လဝကရဲတပ်ဖွဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပေမဲ့ မူးယစ်ဆေးဝါးအရေအတွက်ကိုတော့ ဖော်ပြခြင်းမရှိပါဘူး။ 

ဖေဖော်ဝါရီ ၂၀ ညနေကလည်း ချင်းမိုင်မြို့ ပါဒန်းရပ်ကွက်ထဲက  ဘိန်းစာရွက်ရည်ရောင်းချနေတဲ့ ဆိုင်တဆိုင်ကို တာဝန်ရှိသူတွေ ဝင်ရောက်စစ်ဆေးပြီး  ဆိုင်ရှင်ဖြစ်သူ အသက် ၂၃ နှစ်ရွယ် ထိုင်းလူမျိုးကို ဖမ်းသွားပါတယ်၊ အဆိုပါဆိုင်မှာ ရွှေ့ပြောင်းအလုပ်သမားတွေ လာရောက်စုဝေးသောက်စားလေ့ရှိကြောင်း တိုင်ကြားချက်ရလို့ သွားဖမ်းတာဖြစ်ပြီး အလုပ်သမား တွေကိုတော့ မတွေ့ခဲ့ပါဘူး။ 

ထိုင်းအလယ်ပိုင်း စမွတ်စခွန်းခရိုင် ပလာမယ့်ကောင်း သားငါးလက်လီဈေးထဲ  ဖေဖော်ဝါရီ ၂၀ ရက် မနက်စောစောက ဝင်ရောက်စစ်ဆေးပြီး ကားနဲ့ ပင်လယ်စာတွေ လာဝယ်တဲ့ မြန်မာလုပ်သား ၂ ယောက် ဖမ်းဆီးခံရပါတယ်။ တယောက်မှာ ကားအငှါးမောင်းသူဖြစ်ပြီး နောက်ယောက်မှာ ပင်လယ်စာတွေကို မဟာချိုင်ထလေးထိုင်းဈေးထဲ ပြန်ရောင်းနေသူလို့ ဆိုပါတယ်။

ဥပဒေအရ ရွှေ့ပြောင်းလုပ်သားတွေဟာ အငှားကားမောင်းခွင့်မရှိ၊ အရောင်းအဝယ်လုပ်ခွင့်မရှိဘူ၊ ဖမ်းဆီးခံရသူတွေကတော့ အလုပ်ရှင်က ဝယ်ခိုင်းလိုက်တာလို့ ပြောပေမဲ့ လက်မခံဘဲ ဖမ်းသွားတယ်လို့ Royal Thai Army သတင်းအရ သိရပါတယ်။ 

ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းက ဘန်ကောက်မင်ဘူရီနယ်မြေရှိ ဆိုင်မစ်ဈေးကြီးထဲလည်း  စစ်ဆေးရေးဝင်တယ်၊ ဈေးဆိုင်ပေါင်း ၈၀ ကျော်စစ်ဆေးခံရပေမဲ့ ရွှေ့ပြောင်းလုပ်သားအားလုံး အထောက်အထားပြည့်စုံတာကြောင့် အဖမ်းအဆီးခံရတာ မရှိပါဘူး။ 

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွီကျွန်းမှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်က မြန်မာပြည်က ထုတ်ကုန်တွေ ရောင်းချနေတဲ့ဆိုင်တဆိုင်မှာ အကောက်ခွန်လွတ်ပစ္စည်း နဲ့  ထိုင်းနိုင်ငံ အစာနဲ့ ဆေးဝါးမှတ်ပုံတင်တံဆိပ်မပါတဲ့ အစားအစာရောင်းချမှုနဲ့ ဆိုင်ရှင်ထိုင်းလူမျိုးကော အကူရောင်းပေးတဲ့ မြန်မာအလုပ်သမားပါ ဖမ်းဆီးခံခဲ့ရပါတယ်။ 

 ရပ်ကွက်နဲ့ဈေးဆိုင်တွေထဲ စစ်ဆေးဖမ်းဆီးမှုအပြင် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာနေသူ၊ ဝင်ရောက်ဖို့ ကြိုးစားနေသူတွေပါ အဖမ်းခံနေရပါတယ်။ 

ဖေဖော်ဝါရီ ၂၀ ရက်နေ့က ထိုင်းအလယ်ပိုင်း အယုဒ္ဓယခရိုင် ဘန်ပအင်မြို့နယ် ချိန်းရတ်အုပ်စု အဝေးပြေးလမ်းမကြီးပေါ်မှာ မသင်္ကာဘွယ်ကားတစီးနောက် တာဝန်ရှိသူတွေ လိုက်လံဖမ်းဆီးခဲ့တယ်။ ၁၀ ကီလိုအကွာမှာ မီလာပြီး အဆိုပါကားထဲမှာ တရားမဝင် မြန်မာ ၁၃ ယောက် ပြည့်သိပ်ပြီး တင်ဆောင်လာတာတွေ့ရပါတယ်။ ကားမောင်းသူမှာလည်း အသက် ၃၁ နှစ်ရွယ်ရှိ ကိုမင်းသူ ဆိုသူမြန်မာတဦးဖြစ်ပြီး  အဲဒီလူတွေကို ဖစ်ချဘွန်းကနေ ဘန်ကောက်ထိ ပို့ပေးဖို့ ပွဲစားက ဆက်သွယ်တာကြောင့် တင်ဆောင်ခဲ့တယ်။ ကားခ တဦးလျှင် ဘတ် ၁၀၀၀ ရတယ်လို့ ဝန်ခံပါတယ်။ 

ဖမ်းဆီးခံရသူတွေကတော့ သူတို့ဟာ မဲဆောက်ဘက်ကနေ ဝင်လာတယ်။ ပွဲစားကို တဦးလျှင် ဘတ် ၁၀၀၀၀ မှ ၁၅၀၀၀ စီပေးရတယ်၊ လမ်းမှာ အဆင့်ဆင့်ကားပြောင်းစီးခဲ့ရတယ်လို့  ပြောကြောင်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်း-မြန်မာနယ်စပ် ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်မှာတော့ ဖေဖော်ဝါရီ ၂၀ ရက် ည ၁၁ နာရီခန့်က နယ်စပ်ကနေ ဝင်လာပြီး တာတမံကနေ လှေစီးကာ ထိုင်းနိုင်ငံအတွင်းပိုင်း ဝင်လာဖို့ ပြင်နေတဲ့ တရားမဝင် မြန်မာ ၈ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ကားသမားက သူတို့ကို သွားကြိုပြီး  ကူးတို့ဆိပ်ဆင်းဖို့အလာလမ်းမှာ တာဝန်ရှိသူတွေက စစ်ဆေးဖမ်းဆီးလိုက်တာပါ။ 

အဲဒီနေ့ မနက် ၁၁ နာရီလောက်ကလည်း ဆန်ခလပူရီမြို့ နောင်လူးအုပ်စု ကာလေးယကျေးရွာအနီး မောင်းဝင်လာတဲ့ မသင်္ကာဘွယ်ကားတစ်စီးနောက် တာဝန်ရှိသူတွေ လိုက်လံဖမ်းဆီးပြီး တရားမဝင် မြန်မာ ၁၄ ဦး ကို ဖမ်းဆီးလိုက်ပါတယ်။ အမျိုးသား ၁၀ ဦး အမျိုးသမီး’ ၂ ဦး လည်း ကလေး ၂ ဦးပါဝင်ပြီး  အလုပ်သမားလက်မှတ်ကိုင်ဆောင်သူ ယာဉ်မောင်း မင်းဇော်ဦး (၃၆ နှစ်)  ပါ ဖမ်းဆီးခံလိုက်ရပါတယ်။ 

Source # Chiangmai News / cm 108 news / Royal Thai Army / Chiangmai Immigration / Kanjanburi News / JoeCho News 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013