Home
မြန်မာသတင်း
သက်တမ်းတိုး ရွှေ့ပြောင်းလုပ်သားများ နယ်ကျော်ခရီးသွားမှု သတိထားရန်လို
DVB
·
February 17, 2025

ထိုင်းနိုင်ငံအတွင်း ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်မှာ သက်တမ်းကုန်သွားတဲ့ ရွှေ့ပြောင်းလုပ်သားတွေ နယ်ကျော်သွားလာတာ ဂရုစိုက်ကြဖို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက သတိပေးပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အပါအဝင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် စတဲ့ ၄ နိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေအတွက် နေထိုင် အလုပ်လုပ်ခွင့် ဗီဇာသက်တမ်းဟာ ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်မှာ သက်တမ်းကုန်ဆုံးသွားတာပါ။

သက်တမ်းကုန်သွားတဲ့ အလုပ်သမားတွေကို ထိုင်းအစိုးရက ၂၀၂၅ ဩဂုတ်လအထိ ယာယီ နေထိုင် အလုပ်လုပ်ခွင့် ပေးထားပြီး သက်တမ်းတိုး ကိစ္စတွေကိုလည်း ၆ လအတွင်း လုပ်ဆောင်ထားကြဖို့ တိုက်တွန်းထားပါတယ်။

Work Permit နဲ့ ဗီဇာ သက်တမ်းမတိုးရသေးခင် ၆ လအတွင်း နယ်ကျော်သွားလာတာတွေ ဂရုစိုက်ကြဖို့၊ မဖြစ်မနေ သွားလာရင် သက်ဆိုင်ရာ နယ်မြေရဲစခန်း ထောက်ခံစာ ယူကြဖို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက သတိပေးပါတယ်။

AAC အလုပ်သမားအရေး လှုပ်ရှားသူ ကိုရဲမင်းက “လောလောဆယ် ဒီ ၆ လအတွင်းတော့ ကိုယ့်အလုပ်ရုံမှာ ကိုယ်နေ၊ ကိုယ့်မြို့နယ်၊ ကိုယ့်ခရိုင်မှာ ကိုယ်နေပြီးတော့ လုပ်ကိုင်ဖို့ပဲ လောလောဆယ် ခွင့်ပြုပေးတဲ့ပုံစံမျိုး ဖြစ်နေတာပေါ့။ အဲဒီတော့ မြန်မာအလုပ်သမားတွေ အထူးသတိထားဖို့ လိုတယ်။ ဘဏ်တွေကတော့ ကုန်သွားတဲ့ စာအုပ်တွေနဲ့ ဗီဇာတွေ၊ ဝေါ့ပါမစ်တွေနဲ့ တွဲပြီး ဖွင့်ထားတဲ့ စာအုပ်တွေကတော့ ATM က ငွေထုတ်တာတွေ၊ မိုဘိုင်း Banking နဲ့ ငွေလွှဲတာတွေတော့ လုပ်နိုင်တယ်။ ဒါပေမဲ့ ဘဏ်မှာ စာအုပ် ငွေသွင်းငွေထုတ်တော့ လောလောဆယ် မလွယ်ဘူးပေါ့။ နောက်တခု ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးတာတွေ၊ အသစ်လုပ်တာတွေ ခက်ခဲသွားတယ်။ အဲဒါလေးတွေတော့ အထူးသတိထားပြီး နေဖို့လိုတယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ သက်တမ်းတိုးကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အရေအတွက် ၁ ဒသမ ၇ သန်းကျော် ရှိပြီး အဲဒီအလုပ်သမားတွေဟာ ဖေဖော်ဝါရီ ၁၃ ရက်မှာ နေထိုင် အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးသွားတာပါ။

လက်ရှိ သက်တမ်းတိုး အလုပ်သမားတွေကလည်း နာမည်စာရင်းနဲ့သာ ယာယီနေထိုင်ရပြီး ထိုင်းမှာ အထောက်အထား မပြည့်စုံသူတွေကို ဖမ်းဆီးတာတွေ ရှိတာကြောင့် အသွားအလာ လုံခြုံရေး စိုးရိမ်ရတယ်လို့ မြန်မာ ရွှေ့ပြောင်းလုပ်သား ကိုစိုးမိုးက ပြောပါတယ်။

“လက်ရှိကတော့ ထိုင်းအစိုးရက ထုတ်ပေးထားတဲ့ Name List နာမည်စာရင်းနဲ့ပဲ နေရတာပေါ့။ အခုဆိုရင် ထိုင်းမှာက အဖမ်းအဆီးကလည်း များတယ်လေ။ အဖမ်းအဆီးက နေရာတိုင်းရှိနေတော့ Name List တခုတည်းနဲ့ လုံခြုံပါ့မလားဆိုပြီး စိုးရိမ်မိတယ်။ အပြင်ထွက်ရင်လည်း အရင်လို ဗီဇာတို့၊ ဝေါ့ပါမစ်တို့ မရှိတော့ ကြောက်တာတော့ ဖြစ်တာပေါ့။ ကိုယ့်ရှိနေတဲ့မြို့မှာပဲ နေပြီးတော့ ဘယ်မှ မသွားဘဲ ဝေါ့ပါမစ်တို့၊ ဗီဇာတို့ တုံးထုပေးတဲ့အထိပဲ စောင့်ရတာပေါ့။ နေရာတိုင်းမှာ အစစ်အဆေး အဖမ်းအဆီးတွေ ကြမ်းနေတော့ ရှိတဲ့နေရာမှာပဲနေပြီး ခရီးမသွားဖို့ဘဲ ဆုံးဖြတ်ထားတာပေါ့။”

၂၀၂၅ နှစ်စပိုင်းကစလို့ ထိုင်းမှာ ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်း-မြန်မာ နယ်စပ်တလျှောက် လုံခြုံရေး တိုးမြှင့်ထားပြီး မြန်မာနိုင်ငံကနေ ထိုင်းကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လို့ ဖမ်းဆီးခံရတဲ့ မြန်မာအရေအတွက်လည်း ဇန်နဝါရီ တလအတွင်း ၄,၀၀၀ နီးပါး ရှိနေပါတယ်။

ဒီနှစ်မှာတော့ ထိုင်းအစိုးရက ပြုလုပ်ပေးတဲ့ ပန်းရောင်ကတ် အထောက်အထားသစ်ကို လျှောက်ထားတဲ့ မြန်မာအလုပ်သမားအရေအတွက် ၂၇၀,၀၀၀ ကျော် ရှိတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ခန့်မှန်းထားပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013