Home
မြန်မာသတင်း
ဘုရားသုံးဆူဒေသက ကျားဖြန့် ၈၆ ဦး ရွှေကုက္ကိုသို့  လွှဲပြောင်း 
DVB
·
February 17, 2025

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသမှာ လာရောက်ငှားရမ်းနေထိုင်နေတဲ့ တရုတ်နိုင်ငံသား အတော်များများ ရွှေ့ပြောင်းနေကြပြီး ကျားဖြန့်ဂိုဏ်းသား အယောက် ၈၀ ကျော်ကို ဒီမိုက‌ရေစီ အကျိုးပြုကရင့်တပ်မ‌တော် (DKBA)က ရွှေကုက္ကိုဘက်ကို လွှဲပြောင်းပို့ဆောင်လိုက်တယ်လို့ Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

DKBA  တပ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၁၆ ရက်  မနက်  ၁၁ နာရီက MS 349922 ကာစီနိုရုံမှ ကျားဖြန့်ဂိုဏ်းသား  အမျိုးသား ၈၅ ယောက်၊ အမျိုးသမီး ၁ ယောက် ပေါင်း ၈၆ ယောက်ကို  ၆ ဘီးကား ၂ စီးနဲ့ တင်ဆောင်ပြီး  မြဝတီခရိုင် ရွှေကုက္ကိုဒေသရှိ ကရင်နယ်ခြားစောင့်တပ် (BGF/ KNA) ထံ ပို့ဆောင်လွှဲပြောင်းပေးခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းနိုင်ငံ ကန်ကျနပူရီခရိုင်နဲ့ မျက်နှာချင်းဆိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့မှာ လာရောက်ငှားရမ်းနေထိုင်တဲ့ တရုတ်နိုင်ငံသားအတော်များများ ရွှေ့ပြောင်းသွားကြတာလို့ ဆိုပါတယ်။

ဘုရားသုံးဆူမြို့ထဲမှာ တရုတ်တွေ ဗန်းပြအနေနဲ့ လာရောက်ဖွင့်လှစ်ထားတဲ့ ဖုန်းပြင်ဆိုင်၊  ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ ကေတီဗွီ ကာရာအိုကေဆိုင် အတော်များများလည်း ပိတ်ထားကြတယ်။

တရုတ်နိုင်ငံသားတချို့တွေ ပြောင်းသွားပေမဲ့ သူတို့ အသုံးပြုခဲ့တဲ့ ပရိဘောဂ ပစ္စည်းပစ္စယတွေ ကျန်ခဲ့တယ်။ အဆောက်အဦ ၁၀ ခုကျော်ရှိတဲ့ ခြံဝင်းကျယ်ကြီးထဲမှာတော့  မီးစက်ခုတ်မောင်းသံတွေ ၂၄ နာရီ ကြားနေရတုန်းပဲလို့ မြဝတီဒေသခံက MCOT ထိုင်းသတင်းထောက်ကို ပြောပါတယ်။

ဘုရားသုံးဆူက တရုတ်လုပ်ငန်းရှင်နဲ့ အဖွဲ့သားတွေဟာ ၂၀၂၄ ခုနှစ် ဇူလိုင်နဲ့ ဩဂုတ်လလောက်မှ  ရောက်ရှိလာကြောင်း၊ သူတို့ရောက်လာတာနဲ့ ဘုရားသုံးဆူက အိမ်ငှားရမ်းခတွေ ဈေးတက်ကုန်တယ်၊ အရင်က တလကို ထိုင်းဘတ်ငွေ ၃၀၀၀ တန် အိမ်တလုံးဟာ တလ ဘတ် ၁၀,၀၀၀ ထိတက်သွားတယ်။  မြေကွက်တွေလည်း ဈေးကြီးတယ်၊ တရုတ်နိုင်ငံသားတွေက အဆိုပါမြေကွက်ကို သူတို့အသိ မြန်မာနိုင်ငံသားတွေရဲ့ အမည်ပေါက်နဲ့ ဝယ်ယူတယ်၊ မြေကွက်ဝယ် အဆောက်အဦဆောက်ပြီးရင် အဲဒီနေရာ ဘယ်သူမှ ဝင်ခွင့်မရှိ၊ ဘာအလုပ်တွေ လုပ်နေမှန်းလည်း မသိဘူး၊ ဘုရားသုံးဆူ ဒေသန္တရကျန်းမာရေးဆေးခန်းနောက်မှာ ရှိတဲ့ အဲဒီဝင်းကြီးထဲမှာ အဆောက်အဦပေါင်း ၁၃ ခုရှိပြီး တနေရာကို လူ ၃၀၀ ခန့် နေထိုင်တယ်လို့ ဘုရားသုံးဆူဒေသခံက ပြောပါတယ်။ 

ဒီမတိုင်ခင်ရှေ့က ရာနဲ့ချီတဲ့ တရုတ်နိုင်ငံသားတွေဟာ ဘုရားသုံးဆူနဲ့ ၁၀ မိုင်လောက် ဝေးတဲ့ နောက်ထပ်နေရာတခုဆီလည်း ရွှေ့ပြောင်းသွားကြတယ်။ အဲဒီနေရာမှာ ဆောက်လက်စ အဆောက်အဦကြီးကြီးတခု ရှိသေးတယ်လို့ ဒေသခံက သတင်းထောက်ကို ပြောသွားပါတယ်။ 

ထိုင်းနိုင်ငံမှာ အိမ်နီးချင်းနယ်စပ်ဒေသတလျှောက် ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို အမြစ်ပြတ်နှိမ်နင်းနေတာမှာ ဖေဖော်ဝါရီ ၅ ရက်ကစ ထိုင်းကနေ သွယ်တန်းပေးနေတဲ့ အင်တာနက်လိုင်း၊ လျှပ်စီးမီးနဲ့ စက်သုံးဆီတွေ  ဖြတ်တောက်ခဲ့ပါတယ်။ 

နယ်မြေခံ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအနေနဲ့ ကျားဖြန့်နှိမ်နင်းရေးမှာ ပူးပေါင်းပါဝင်ကြောင်း ပြသတဲ့အနေနဲ့ ဝင်ရောက်ဖမ်းဆီးပြီး ထိုင်းနိုင်ငံဘက် ပြန်လည်ပို့ဆောင်ပေးနေပါတယ်။ 

ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ်မ‌တော် (DKBA) အနေနဲ့လည်း ထိန်းချုပ်ဒေသထဲမှာ တရားမဝင်လုပ်ငန်း လုပ်ကိုင်နေသူတွေအနေနဲ့ ဒီလကုန် ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထားပြီး ထွက်ခွာသွားဖို့ ထုတ်ပြန်ထားပါတယ်။

မြဝတီခရိုင်ထဲမှာ အွန်လိုင်းလိမ်လည်ဂိုဏ်းနဲ့ ဆက်စပ်နေသူ ၇၀၀၀ ကျော်ကျန်ရှိနေသေးတယ်၊ နယ်စပ် ကျားဖြန့်ဂိုဏ်းနှိမ်နင်းရေးကို စီမံချက်နဲ့ ၆ လအတွင်း အပြီးဆောင်ရွက်သွားမယ်လို့  ထိုင်းကာကွယ်ရေးဝန်ကြီး နိုင်းဖုမ်းထမ်း ဝေ့ချယချိုင်းက သတင်းထောက်တွေကို ပြောထားပါတယ်။ 

အဆိုပါလူတွေကို တနေ့ကို လူအယောက် ၅၀၀ နှုန်းနဲ့ မြဝတီ-မဲဆောက်ကြား အမှတ်-၂ ချစ်ကြည်ရေးတံတားမှတဆင့် ထိုင်းဘက်ခြမ်းကို ပြန်ပို့ဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်က မဲဆောက်မှာ ကျင်းပတဲ့  ထိုင်း-မြန်မာ နယ်ခြားကော်မတီ TBC အစည်းအဝေးမှာ သဘောတူခဲ့ ကြပါတယ်။  

သူတို့တွေကို ပြန်မပို့ခင် ကိုယ်ရေးအချက်အလက်နဲ့ လူဦးရေစာရင်းဇယားတွေကို ၅ ရက်မှ ၇ ရက်အတွင်း  ထိုင်းဘက်ကို ကြိုတင်ပေးပို့ဖို့လည်း သဘောတူခဲ့ကြပါတယ်။ 

Source: Khaosod / MCOT / Kanchanaburi News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013