Home
မြန်မာသတင်း
မြဝတီ ကျားဖြန့်၌ လူကုန်ကူးခံရသည့် ၁၆ နှစ်သား ဂျပန်ဆယ်ကျော်သက်ကို ထိုင်းရဲ ကယ်တင်
DVB
·
February 17, 2025

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့က ကျားဖြန့် အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေထဲ လူကုန်ကူးခံခဲ့ရတဲ့ အသက် ၁၆ နှစ်အရွယ် ဂျပန်ဆယ်ကျော်သက်ကို ထိုင်းအာဏာပိုင်တွေက ကယ်တင်ပေးခဲ့တယ်လို့ အကြီးတန်းအရာရှိတယောက်က ပြောတဲ့အကြောင်း ဂျပန် The Asahi Shimbun သတင်းစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဂျပန်အာဏာပိုင်တွေရဲ့ အကူအညီတောင်းခံမှုနဲ့ တခြားဂျပန်နိုင်ငံသား ၃ ယောက်ကိုလည်း ရဲတွေက ရှာဖွေနေတယ်လို့ သူက ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြောလိုက်တာပါ။

အခုပြန်လည်လွတ်မြောက်လာခဲ့တဲ့ လူငယ်ဟာ လူကုန်ကူးမှုသားကောင် ဖြစ်တယ်လို့ ယူဆရတဲ့ အကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။

အသက် ၁၆ နှစ်အရွယ် လူငယ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဝန်းကျင်တုန်းကတည်းက ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး သူ့ရဲ့ မိသားစုဝင်တွေက ဘန်ကောက်မြို့က ဂျပန်သံရုံးကနေတဆင့် ဆက်သွယ် အကူအညီတောင်းခံလာခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့ အကြီးတန်း အရာရှိတယောက်က ပြောပါတယ်။

အခုလအစောပိုင်းမှာတော့ သူက မိသားစုဝင်တွေဆီ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပြီးနောက် သူ့ရဲ့ တည်နေရာဟာ မြဝတီမှာ ရှိနေတဲ့အကြောင်း ပေါ်ထွက်လာခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ ကယ်တင်နိုင်ခဲ့ကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ ဂျပန်ကို လေယာဉ်နဲ့ နေရပ်ပြန်ပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း ထိုင်းရဲတပ်ဖွဲ့က အသက် ၁၇ နှစ်အရွယ် ဂျပန်ဆယ်ကျော်သက် အထက်တန်းကျောင်းသားတယောက်ကို ကယ်တင်နိုင်ခဲ့သေးတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါလူငယ်ဟာ အွန်လိုင်းဂိမ်းတွေကနေတဆင့် သိတဲ့ ဂျပန်အမျိုးသားတယောက်ရဲ့ လိမ်လည်လှည့်ဖြားမှုနဲ့ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပြီးနောက် နယ်စပ်မြဝတီဘက်ခြမ်း ကျားဖြန့် အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေထဲ လူကုန်ကူးခံခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် တရားခံ အမျိုးသားကိုတော့ ထိုင်းအာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၃ ရက်က ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကလည်း မြဝတီမြို့ဆီ တရားမ၀င် ဝင်ရောက်ပြီး ထိုင်းနိုင်ငံဘက် ပြန်လာတဲ့ ဂျပန်နိုင်ငံသား ၄ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တဲ့အကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သလို သူတို့ဟာ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ ယူဆရတဲ့အကြောင်း ပြောပါတယ်။

Source: The Asahi Shimbun

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013