
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဖေဖော်ဝါရီ ၁၅ ရက် ဒီနေ့မနက်ပိုင်းက ဓာတ်ဆီ ၁ လီတာကို ကျပ် ၁၅,၀၀၀ ဈေးပေါက်နေပြီး လိုသလောက်ဝယ်ယူလို့မရဘူးလို့ မြဝတီမြို့ခံတွေဆီက သိရပါတယ်။
လက်ရှိမှာ စက်သုံးဆီအရောင်းဆိုင်တွေပိတ်ထားပြီး လက်လီရောင်းချသူတွေဆီက အပြင်ပေါက်ဈေးနဲ့ပဲ စက်သုံးဆီကို ဝယ်ယူနေတာလို့ ဆိုပါတယ်။
ဆိုင်ကယ် ကယ်ရီမောင်းနေသူတယောက်က “ဆီက အပြင်မှာ မှောင်ခိုဈေးနဲ့ ရောင်းနေတာတော့ရှိတယ်။ ဒါပေမဲ့ လိုသလောက်တော့မရဘူး။ 95 နဲ့ 91 ၁ လီတာကို မြန်မာကျပ်ငွေ ၁၅,၀၀၀ ပေးဝယ်ရတယ်။ ငှက်ပျောဖူးပုလင်းက ၁ လီတာမပြည့်ဘူး။ ဒါတောင် ဝယ်ချင်တိုင်း ဝယ်လို့မရဘူး” လို့ DVB ကို ပြောပါတယ်။
မြဝတီမြို့ထဲမှာရှိတဲ့ ဆီဆိုင်အများစုပိတ်ထားပြီး ဆီဝယ်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေတာကြောင့် ဆိုင်ကယ်ကယ်ရီဆွဲတာကိုပါ ရပ်ထားရတယ်လို့ ဆိုင်ကယ်ကယ်ရီ မောင်းနေသူတွေဆီက သိရပါတယ်။
မြဝတီ-မော်လမြိုင်ပြေးဆွဲနေတဲ့ ကုန်ကားသမားတယောက်ကလည်း မြဝတီမှာ ဆီ လိုသလောက် မရတာကြောင့် မော်လမြိုင်ကနေပဲ လုံလောက်အောင် အပြည့်ထည့်သွားရကြောင်းနဲ့ ပြီးခဲ့တဲ့တခေါက်ကတော့ မော်လမြိုင်ကဆီဆိုင်မှာလည်း ဆီကုန်နေလို့ ညအိပ်စောင့်ခဲ့ရတယ်လို့ ပြောပါတယ်။
ကျားဖြန့်လုပ်ငန်းကို နှိမ်နင်းဖို့အတွက် ဖေဖော်ဝါရီလ ၅ ရက်နေ့ကစတင်ပြီး မြဝတီမြိုကို ထိုင်းနိုင်ငံက လျှပ်စစ်မီး၊ လောင်စာဆီ၊ အင်တာနက် ဖြတ်တောက်လိုက်တာကြောင့် မြဝတီမြို့ခံပြည်သူတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။