
မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အခြေစိုက်ပြီး လုပ်ကိုင်နေတဲ့ အွန်လိုင်း ငွေလိမ် ကျားဖြန့်လုပ်ငန်းတွေ နှိမ်နင်းဖို့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တချို့ကို ဖမ်းဝရမ်းထုတ် အရေးယူဖို့ ထိုင်းအစိုးရက ပြင်ဆင်နေတာနဲ့ ပတ်သက်ပြီး သဘောထားအမြင် သိရဖို့ ဗိုလ်မှူးကြီးစောချစ်သူကို DVB သတင်းထောက် အောင်သူက ဆက်သွယ်မေးမြန်းထားပါတယ်။
(အပြည့်အစုံ)
မေး - ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင် BGF ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ကို ဖမ်းဝရမ်းထုတ်မယ်ဆိုပြီး ထိုင်းနိုင်ငံက ပြောဆိုလာတဲ့အပေါ် ဗိုလ်မှူးကြီးတို့ ကြားသိပြီး ဖြစ်မှာပါ။ အဲဒီကိစ္စကို ဗိုလ်မှူးကြီးအနေနဲ့ ဘာများ တုံ့ပြန်ပြောဆိုချင်ပါသလဲ။
ဖြေ - “ကျနော့်ကို ဖမ်းဝရမ်းထုတ်လိုက်တာက ထိုင်းနိုင်ငံသား အများအပြားအပေါ် ဘာအမှား လုပ်မိတာ ရှိလို့လဲ။ ပြီးတော့ ထိုင်းကို ကျနော် ဘာတွေပုန်ကန်တာရှိလဲလို့။ နောက်တခုက ကျနော်တို့ မြန်မာနိုင်ငံ မြဝတီမြို့နယ်မှာ လာရောက်နေထိုင် လုပ်ကိုင်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေ၊ အွန်လိုင်းအလုပ်တွေ၊ လူမှောင်ခိုတွေ ကျနော်တို့ သွားခေါ်လာတာ တယောက်မှမပါဘူး။ အဲဒီလူတွေက မိုးပေါ်ကကျလာတာ တယောက်မှမပါဘူး။ အဓိက ထိုင်းနိုင်ငံက ဖြတ်လာတဲ့ လူတွေချည်းပဲ။ ထိုင်းအာဏာပိုင်တွေ ကျနော့်ကို အပြစ်တခုပဲမြင်တာ။ အဲဒီ ထိုင်းနိုင်ငံ အကြီးအကဲတွေကို အဓိက ကျနော်ပြောချင်တာက ကျနော့်ကို ဖမ်းဝရမ်းထုတ်မယ်ဆိုတာ ကျနော် ထိုင်းနိုင်ငံနယ်စပ်မှာနေတာ နှစ်ပေါင်း ၃၀ ကျော်ကျော်ရှိပြီ။ အရင်က ထိုင်းကို ကျနော် ကူညီခဲ့ဖူးတာလည်း အများကြီးရှိခဲ့ပါတယ်။ အခုအခြေအနေက ကျနော့်ကို ဖမ်းဝရမ်းထုတ်မယ်ဆိုတာ နံပါတ်တစ် အဓိက ဘာဥပဒေ၊ ဘာပုဒ်မနဲ့တပ်ပြီး ဖမ်းဝရမ်းထုတ်ထားတာလဲ ဆိုတာ ကျနော် ပြောချင်ပါတယ်။”
မေး - ကျနော်တို့ သတင်းမှာ ဖတ်ရ၊ သိရတဲ့ အနေအထားအရဆိုရင် လူကုန်ကူးမှုကိစ္စမှာ ပါဝင်ပတ်သက်မှုနဲ့ ဖမ်းဝရမ်းထုတ်မယ်လို့ သိရပါတယ်။
ဖြေ - “ကျနော်တို့ကို လူကုန်ကူးနဲ့ပတ်သက်ပြီး စွပ်စွဲပြောတယ်ဆိုတာကို ကျနော်တို့ နိုင်ငံတကာကနေ အဲဒီ လူမှောင်ခိုကုန်ကူးခံရတဲ့ အိန္ဒိယနိုင်ငံတို့၊ ဖိလစ်ပိုင်နိုင်ငံတို့၊ ဂျပန်နိုင်ငံတို့ နိုင်ငံတော်တော်များများ သံရုံးကနေ တိုင်ကြားချက် ပြန်ပို့ဆောင်ရတာ အယောက်ပေါင်း ထောင်နဲ့ချီ မကတော့ဘူး။ မှတ်တမ်းမှတ်ရာ အားလုံးရှိတယ်။ တရားဝင် မပေါ်ဘူး။ ကျနော်တို့ တရားဝင် ပြန်ပို့တာမျိုး မဟုတ်ဘူး။ ကျနော်တို့မှာ တံတားပေါ်ကနေ တရားဝင်ပို့တာ မဟုတ်တဲ့အခါကျတော့ ကျနော်တို့ တရားဝင်ပြန်ပို့တဲ့အဖြစ်ကို မရောက်ဘူး။ ဒါပေမဲ့ သူ့သံရုံးကို အကုန်ပြန်ရောက်တယ်။ အိန္ဒိယဆိုရင် ကျနော့်ကို ကျေးဇူးတင်လွှာလည်း ရှိပါတယ်။ တရုတ်မှာလည်း ကျနော်တို့ ပြန်ပို့ခဲ့တာ အများကြီးပဲ။ အဲဒီ ကျနော်တို့ ပြန်ပို့တာကို နိုင်ငံတော်တော်များများ သံရုံးကနေတဆင့် သူ့နိုင်ငံ ကောင်းမွန်စွာ ပြန်ရောက်ကြောင်း ကျနော်တို့ကို ပြန်အကြောင်းကြားလာတာတွေ အများကြီး ရှိတယ်။ ကျနော်တို့ နယ်စပ်မှာ သူတို့ လာရာလမ်းကို ပြန်ပို့လိုက်တယ်။ ထိုင်းစစ်တပ်ကနေတဆင့် ကျနော်တို့ ပြန်လွှဲပေးတာလည်း အများကြီးပဲရှိတယ်။ အခု ဒီနေ့ နောက်ထပ်လည်း အယောက် ၆၀ လောက်ရှိတယ်။ ကျနော်တို့ ထပ်လွှဲမှာ။”
“မကြာခင်မှာလည်း လူမှောင်ခို ကျားဖြန့်နှိမ်နင်းရေး အထူးအဖွဲ့ကို ကျနော်တို့ ဖွဲ့ပြီးတော့ ဖမ်းမှာ။ လုံးဝ တယောက်မကျန် ဖမ်းပြီးတော့ ကျနော်တို့ ပြန်ပို့မှာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်လည်း ဘာမှ အကျိုးစီးပွားမခံစားရဘဲ ကျနော်တို့ပဲ နာမည်ပျက်တယ်။ သူတို့ လာပြီး မသမာတဲ့ စီးပွားရေးလုပ်တာ ကျနော်တို့ မြေငှားရမ်းခလောက်ပဲ ကျနော်တို့ ခံစားရတာ။ နောက်ဆုံးမှာ ကျနော်တို့ပဲ ဆိုးဆိုးဝါးဝါး နာမည်ပျက်သွားတာ။ ကျနော်တို့နိုင်ငံသားလည်း မဟုတ်ပါဘူး။ အဲဒါ ကျနော် လုပ်ပြပါမယ်။”
မေး - အခု ဗိုလ်မှူးကြီးတို့ ပြန်ပို့မယ့်ထဲမှာ ထိုင်းနိုင်ငံသားတွေကော ပါလား။
ဖြေ - “အခု ဒီနေ့ ပြန်ပို့တာကတော့ အင်ဒိုနီးရှားနိုင်ငံသား များတယ်။”
မေး - အဲဒီတော့ ထိုင်းအစိုးရက ပြောသလို ဗိုလ်မှူးကြီးတို့ကို ဖမ်းဝရမ်းထုတ်လာခဲ့ပြီဆိုရင် ဒီကိစ္စအပေါ်မှာ ဗိုလ်မှူးကြီးတို့အနေနဲ့ ဘယ်လိုရင်ဆိုင် ဖြေရှင်းသွားမလဲ။
ဖြေ - “ဖမ်းဝရမ်းထုတ်ရမယ့်အဆင့်ဆိုတာ ကျနော်တို့ကို လူမှောင်ခိုကုန်ကူးမှုနဲ့ ပုဒ်မတပ်မယ်ဆိုရင် လူမှောင်ခိုကုန်ကူးတာ ကျနော်တို့နဲ့ ပတ်သက်တာဆိုရင် ထားလိုက်ပါတော့၊ အဲဒီလူတွေကို ဘယ်သူ လာပို့တာလဲလို့ ကျနော် အဲဒီမေးခွန်းကို မေးချင်တယ်။ အခု မြဝတီ ရွှေကုက္ကိုမှာ ရောက်လာတဲ့လူတွေက ဘယ်သူလာပို့တာလဲလို့ ကျနော်တို့ မေးချင်တယ်။ ပြီးတော့ ဘယ်ကနေ ထွက်လာတာလဲ။ အဲဒီမေးခွန်းကို ကျနော် မေးချင်တယ်။”
မေး - သတင်းအရ ကျနော်တို့ သိရသလောက်ဆိုရင် ထိုင်းအစိုးရက မြန်မာအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ဖမ်းဝရမ်းထုတ် ဖမ်းဆီးအရေးယူမှုတွေ လုပ်မယ်ဆိုတဲ့ အနေအထားမျိုး ရှိတယ်လို့ သိရတယ်။ အဲဒီကိစ္စအပေါ်မှာကော ဗိုလ်မှူးကြီးတို့ ဘယ်လို တုံ့ပြန်သွားမလဲ။
ဖြေ - “ထိုင်းနိုင်ငံနဲ့ ပူးပေါင်းဖမ်းဝရမ်းထုတ်မယ်ဆိုရင် အခုလက်ရှိ ကျနော်တို့ တပ်မတော်နဲ့ BGF အနေနဲ့ တရားဝင် အရင်ပြဿနာရှိပါတယ်။ ကျနော်တို့ကို BGF အနေနဲ့ အသိအမှတ် မပြုတော့ဘူး၊ ပယ်ထုတ်လိုက်မယ်ဆိုရင် ကျနော်တို့ သီးသန့်ရပ်တည်ပြီး နေရမှာပေါ့။”
မေး - အဲဒီတော့ BGF နယ်မြေထဲမှာရှိနေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို ဗိုလ်မှူးကြီးတို့က ဘယ်လို ကိုင်တွယ်ဖြေရှင်းသွားမလဲ။
ဖြေ - “လွန်ခဲ့တဲ့ ၁၁ လပိုင်းကတည်းက လာရာလမ်းကို ပြန်ပါလို့ ကျနော်တို့ ထုတ်ပြန် ကြေညာထားပါတယ်။ ထုတ်ပြန်ကြေညာခဲ့တဲ့အတိုင်း ဒီရက်ပိုင်းမှာ ကျနော်တို့ အကောင်အထည် ဖော်သွားမှာပါ။ ဒီတလောမှာ သတင်းမီဒီယာတော်တော်များ ကျနော့်ဆီကို ဖုန်းဆက်တယ်။ ကျနော် တခုမှ သတင်းမီဒီယာနဲ့ ပြန်မပြောသေးတာ တခြားကြောင့် မဟုတ်ပါဘူး။ ကျနော် အပြောနဲ့ အလုပ် သက်သေပြမှာပါ။”
မေး - BGF နယ်မြေထဲမှာ ကျားဖြန့်လုပ်ငန်းတွေ ပပျောက်သွားအောင် ဆောင်ရွက်တော့မယ့် သဘောမျိုးလို့ နားလည်လို့ရလား။
ဖြေ - “ဟုတ်တယ်။ ဒါကတော့ အမှန်ပဲ။ လုံးဝ ပပျောက်ရမယ်။ ကျနော်တို့ ဒီရက်ပိုင်းလေးမှာပဲ စောင့်ကြည့်ပါ။ တပတ်လောက် မကြာပါဘူး။ အခု ကျနော်လည်း ပြန်တက်လာပြီ။ မနက်ဖြန် အဖွဲ့တွေကို ကျနော် ဆွဲခေါ်ပြီးတော့ ကျားဖြန့်နဲ့ လူမှောင်ခို ပပျောက်ရေးကို နှိမ်နင်းမယ့်အဖွဲ့ကို ဖွဲ့ပြီး ကျနော်တို့ ဖမ်းမှာ။ တပ်မတော်အကြီးအကဲ စရဖချုပ် တပ်မှူးကိုလည်း တင်ပြခိုင်းလိုက်ပြီ။ သူတို့ လာရာလမ်းကို အရင်ကတည်းက တရားဝင်မပို့ဘူး။ အခု ချစ်ကြည်ရေးတံတားပေါ်မှာ ကျနော်တို့ တရားဝင်ပို့မှာ။ လူထောင်ချီဖမ်းပြီး ကျနော်တို့ ပို့မှာ။ ဖမ်းပြီးတော့လည်း ကျနော်တို့ အကြာကြီး မစောင့်ရှောက်နိုင်ဘူးလေ။ လူများတော့ ကုန်ကျစရိတ်တွေလည်း မခံနိုင်ဘူးလေ။”
မေး - ဗိုလ်မှူးကြီးအနေနဲ့ တခြား ဘာများဖြည့်စွက်ပြောချင်ပါသလဲ။
ဖြေ - “ကျနော်တို့ အဓိက ထိုင်းနယ်စပ်မှာ ညီအစ်ကိုလို နေလာခဲ့တာ နှစ်ပေါင်း ၃၀ ကျော်ရှိပြီ။ ကျနော် ထိုင်းကို ကူညီခဲ့ဖူးတာလည်း အများကြီး ရှိပါတယ်။ အခု ထိုင်းက ကျနော့်ကို ဘာအချက်နဲ့ အဓိကပုဒ်မတပ်ပြီး ဖမ်းဝရမ်းထုတ်မလဲ။ မြဝတီမြို့နယ်ကို နိုင်ငံခြားသားတွေ ရောက်ရှိလာတာ ဘယ်ကနေ ရောက်လာတာလဲ။ ပြီးတော့ ဒီလူတွေ ဘယ်လမ်းကနေ လာလဲဆိုတာ ဒါတွေ ကျကျနန သိဖို့လိုတယ်။”
“ကျနော်တို့ ရွှေကုက္ကိုမှာလည်း အရင်အစိုးရကတည်းကဆိုရင် အဲဒီ ဖွံ့ဖြိုးရေးအိမ်ရာစီမံကိန်းကို ပြည်နယ်အစိုးရ ခွင့်ပြုထားတဲ့ ကျနော်တို့ တရားဝင် လုပ်ကိုင်ခွင့် ရှိပါတယ်။ အဲဒီတရားဝင်လုပ်ရင်းနဲ့ မသမာတဲ့ ကျားဖြန့်ကိစ္စ၊ အွန်လိုင်းကိစ္စ ပတ်သက်လာတော့ ကြားထဲက ကျနော်တို့ နာမည် ဆိုးဆိုးဝါးဝါး ပျက်တဲ့အထိ ခံစားနေရတာပေါ့။ ကျနော်ပြောတာ သူများတွေ ယုံမှာမဟုတ်ဘူး။ ကျနော် အလုပ်နဲ့ပဲ သက်သေပြလိုက်မယ်။ ကျနော်တို့ အကောင်အထည်ဖော်လား၊ မဖော်လား ဒီရက်ပိုင်းလေးမှာ စောင့်ကြည့်ဖို့ ကျနော် မေတ္တာရပ်ခံပါတယ်။”